International News

တရုတ်နိုင်ငံ၏ အခြား BRICS အဖွဲ့ဝင်များနှင့် ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်တွင် (၁၁.၃) % မြင့်တက်လာခဲ့

Last Updated:

တရုတ်နိုင်ငံ၏ အခြား BRICS အဖွဲ့ဝင်များနှင့် ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ် တွင် ယွမ် (၁.၄၉) ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၀၉.၇ ဘီလီယံ) ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၁၁.၃) % တိုးတက်ခဲ့ကြောင်း အကောက်ခွန်အာဏာပိုင်များက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အဆိုပါကာလအတွင်း BRICS အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုတန်ဖိုးသည် နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုတန်ဖိုး၏ (၁၄.၇)% ရှိကြောင်း တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)မှ ပြောကြားခဲ့ကြောင်း၊ BRICS အဖွဲ့ဝင်များအနက် ဘရာဇီးလ်သို့ တရုတ် နိုင်ငံမှ ပို့ကုန်သည် ပထမသုံးလပတ်တွင် (၂၅.၇) %နှင့် ဘရာဇီးလ်မှ တင်သွင်းမှုသည် (၃၀.၁) % အသီးသီး မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အလားတူကာလအတွင်း တရုတ်နှင့် ရုရှားနိုင်ငံတို့အကြား ကုန်သွယ်မှုသည် ဆက်လက်တိုး တက်လာခဲ့ကြောင်း၊ စွမ်းအင်၊ မော်တော်ကားများ၊ စက်ယန္တရားများနှင့် စက်ကိရိယာများကဲ့သို့ ကုန်ပစ္စည်းများ ကုန်သွယ်မှုမြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း GACC မှ ဖော်ပြထားသည်ဟု သိရှိရပါသည်။

တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်မှုသည် ပထမသုံးလပတ်တွင် (၈.၅) % တိုးလာခဲ့ပြီး သုံးလပတ် (၅) ခုဆက်တိုက် တိုးလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းမှာပင် အာဖရိကတိုက်တွင် တရုတ်၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် (၁၄) နှစ် ဆက်တိုက်ရပ်တည်နေသည့် တောင်အာဖရိကသည် တရုတ်နှင့် ကုန်သွယ်မှုတွင် ခိုင်မာသော တိုးတက်မှုကို မြင်တွေ့ခဲ့ရကြောင်း၊ ပထမသုံးလပတ်အတွင်း တောင်အာဖရိကသို့ တရုတ်နိုင်ငံ၏ ပို့ကုန်စုစုပေါင်းမှာ ယွမ် (၃၅.၁၁) ဘီလီယံရှိပြီး တောင်အာဖရိကနိုင်ငံမှ တင်သွင်းမှုမှာ ယွမ် (၆၆.၄၆) ဘီလီယံရှိကြောင်း GACC မှ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံသည် စွမ်းအင်ကုန်သွယ်မှုတွင် ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့နှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားကြောင်း အကောက်ခွန်ဆိုင်ရာ အချက်အလက်များက ဖော်ပြနေပြီး အဆိုပါနှစ်နိုင်ငံသည် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံသို့ တင်သွင်းသည့် စွမ်းအင်ထုတ်ကုန်များ၏ ထိပ်တန်းအရင်းအမြစ် (၁၀) ခုတွင် ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်သည် အခြေခံအဆောက်အအုံနယ်ပယ်တွင် အီဂျစ်၊ အီသီယိုးပီးယားတို့နှင့် လက်တွေ့ ကျသော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့ပြီး ပထမသုံးလပတ်တွင် အထက်ပါနှစ်နိုင်ငံသို့ တရုတ်မှ စာချုပ်ချုပ်ဆိုထားသော စီမံကိန်းများအတွက် တင်ပို့မှုမှာ လျင်မြန်စွာ တိုးတက်လာခဲ့ကြောင်း GACC ၏ အချက်အလက်များအရ သိရှိရပါသည်။

ထိုအတောအတွင်း တရုတ်မှထုတ်လုပ်သော ကုန်ပစ္စည်းများသည် အီရန်တွင် ရေပန်းစားခဲ့ပြီး ပထမသုံးလပတ်တွင် အီရန်ဈေးကွက်မှ ဝယ်ယူသည့် တရုတ်ပို့ကုန်ပစ္စည်းများသည် တစ်နှစ်ထက် တစ်နှစ် (၁၅.၂) % တိုးလာကြောင်း အချက်အလက်များတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

BRICS နိုင်ငံများအကြား ကုန်သွယ်မှုသည် ကမ္ဘာ့စုစုပေါင်းကုန်သွယ်မှု၏ (၂၀) % ခန့်ရှိသည် ဟု GACC ၏ စာရင်းအင်းဌာနမှ ဒါရိုက်တာ Lyu Daliang က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

BRICS နိုင်ငံများအကြား ကုန်သွယ်မှုတိုးတက်ရန် အလားအလာကောင်းများ ကျန်ရှိနေဆဲဖြစ် ပြီး ယင်းအဖွဲ့သည် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှုနှင့် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန်မြှင့်တင်ရန် မျှော်လင့်ထားကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

BRICS သည် အစပိုင်းတွင် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ ပါဝင် သည့် ထွန်းသစ်စစျေးကွက်များအကြား ပူးပေါင်းဆောင်ရွက်ရေး ယန္တရားအတွက် အတို ကောက်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အီရန်နှင့် အီသီယိုးပီးယားတို့သည် BRICS နှင့် ပူးပေါင်းခဲ့ကြောင်း သိရှိရပါသည်။

 

 

 

Source: https://www.chinadaily.com.cn/a/202405/01/WS6631e369a31082fc043c501e.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News