International News

တတိယအကြိမ် တရုတ်-အာဖရိက ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်မြို့တော် ချန်ရှားတွင် ကျင်းပမည်

Last Updated:

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်၏ မြို့တော်ချန်ရှားတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၉)ရက်နေ့မှ ဇူလိုင် (၂)ရက်နေ့အထိကျင်းပမည့် တတိယအကြိမ်မြောက် တရုတ်-အာဖရိက စီးပွားရေးနှင့်ကုန်သွယ်မှုကုန်စည်ပြပွဲသို့ အာဖရိကနိုင်ငံ (၅၀)နှင့် နိုင်ငံတကာအဖွဲ့အစည်း (၈)ခုမှ ကိုယ်စားလှယ်များ တက်ရောက်ရန် စာရင်းသွင်းထားကြောင်း သိရှိရပါသည်။

“Common Development for a Shared Future” ခေါင်းစဉ်ဖြင့် ကျင်းပမည့်  အဆိုပါပြပွဲတွင် ပတ်ဝန်းကျင်နှင့် သဟာဇာတဖြစ်သည့် အခြေခံအဆောက်အဦများ၊ အကောက်ခွန်နှင့် ကုန်ပစ္စည်းစစ်ဆေးခြင်း၊ ဆေးဝါးနှင့် ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် အစားအသောက်ထုတ်ကုန်များ၊ စက်မှုဥယျာဉ်များ၊ အသက်မွေးဝမ်းကျောင်းပညာနှင့် အခြားအကြောင်းအရာများ ပါဝင်သည့် အစီအစဉ်(၄၀)ကျော် ပါဝင်မည်ဖြစ်ကြောင်း ဟူနန်ပြည်နယ် ကူးသန်း ရောင်းဝယ်ရေးဌာန အကြီးအကဲ Shen Yumou က ၆-၆-၂၀၂၃ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ကုန်စည်ပြပွဲတွင် ဘီနင်၊ ကွန်ဂို၊ မာဒါဂတ်စကာ၊ မါလာဝီ၊ မော်ရိုကို၊ မိုဇမ်ဘစ်၊ နိုင်ဂျီးရီးယားနှင့် ဇမ်ဘီယာတို့မှ Countries of Honour အဖြစ် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြပွဲအတွင်း၌ တရုတ်-အာဖရိက ကုန်သွယ်မှုအညွှန်းကိန်းကို ပထမဆုံးအကြိမ် ထုတ်ပြန်မည်ဖြစ်ပြီး အာဖရိကနိုင်ငံများနှင့် စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် အညွှန်းကိန်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် ကုန်စည်ပြပွဲသည် တရုတ်နှင့် အာဖရိကနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်အတွက် အဓိကစင်္ကြံတစ်ခုဖြစ်ကြောင်းလည်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်နှင့်၂၀၂၁ခုနှစ်တို့တွင် ကျင်းပခဲ့သည့် ကုန်စည်ပြပွဲသို့ တရုတ်နှင့်အာဖရိကနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များနှင့် ငွေကြေးအဖွဲ့အစည်းပေါင်း (၁,၀၀၀)ကျော် တက်ရောက်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများနှင့် သဘောတူညီချက် စုစုပေါင်း (၂၁၆)ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

 

Source: https://www.chinadaily.com.cn/a/202306/06/WS647ef24ca31033ad3f7bac68. html

စီးပွားရေးသံမှူး၊ နန်နင်း

Category: International News