International News

ထိုင်းနိုင်ငံ ပို့ကုန်လုပ်ငန်းရှင်များက ပို့ကုန်တိုးမြင့်မည့် အလားအလာအပေါ် ယုံကြည်မှုခိုင်မာနေဆဲဖြစ်

Last Updated:

ထိုင်းနိုင်ငံ၏ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းကို အားပေးရန်နှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းနိုင်ရန်အတွက် အစိုးရသစ်ဖွဲ့စည်းမှုကြောင့် ယခုနှစ်အတွင်း ပို့ကုန်တင်ပို့နိုင်မှုသည် မေမှဇွန်လအတွင်း အနည်းငယ်ကျုံ့နိုင်သော် လည်း ဒုတိယနှစ်ဝက်တွင်အရှိန်အဟုန်နှင့်အတူ ၀-၁ ရာခိုင်နှုန်းတိုးမြှင့်တင်ပို့နိုင်မည်ဟု ယုံကြည်ပါကြောင်း ပို့ကုန်ပို့ကုန်လုပ်ငန်းရှင်များကောင်စီ၏ ဥက္ကဋ္ဌ Chaichan Chareonsuk က ပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး နောက်ဆုံးထုတ်ဖော်ပြောကြားခဲ့သည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ် ပထမ ၄ လပတ်အတွင်း ထိုင်းပို့ကုန် အမေရိကန်ဒေါ်လာ ၉၂ ဘီလီယံနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၉၆.၅ ဘီလီယံ အသီးသီးရှိသဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၄.၅၁ ဘီလီယံဖြစ်ကြောင်း သိရှိရပါသည်။

အစိုးရနှင့် ပုဂ္ဂလိကနှစ်ဖက်လုံးမှ စီးပွားရေးပြန်လည်ကောင်းမွန်လာပြီဖြစ်သည့် အရှေ့အလယ်ပိုင်းဒေသ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ ဈေးကွက်များဖွင့်လှစ်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း၊ တင်ပို့မှုကျဆင်းသွားသည့် Hard Disk Drives၊ ပလတ်စတစ်အလုံးများ၊ အထည်အလိပ်များနှင့် အထည်များကို ကာမိစေရန်အတွက် ဆန်၊ အစားအသောက်၊ ရာဘာနှင့် သကြားတို့ ပိုမိုတင်ပို့နိုင်ရန်အတွက် အထူးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း ၎င်းကဆက်လက်ပြောကြားပါသည်။

ကမ္ဘာလုံးဆိုင်ရာ အတိုးနှုန်းမြင့်တက်လာမှုသည် လုပ်ငန်းလည်ပတ်နေသူများအတွက် ဘဏ္ဍာရေးဆိုင်ရာ ကုန်ကျ စရိတ်ကို တိုးမြင့်စေနိုင်ကြောင်း၊ နိုင်ငံတွင်း လျှပ်စစ်ဓာတ်အားခ မြင့်တက်နေမှုကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားလာသဖြင့် ထိုင်းနိုင်ငံ၏ ဈေးနှုန်းယှဉ်ပြိုင်စွမ်းကို ထိခိုက်စေနိုင်ပါကြောင်း၊ ယင်းအခြေအနေများကို ကျော်ဖြတ်နိုင်ရန်အတွက် ပို့ကုန်အစီအစဉ်မြှင့်တင်ခြင်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းစေလိုပါကြောင်း၊ထိုင်းဘဏ်ကိုလည်း အသေးစား၊ အလတ်စားစီးပွား‌ရေးလုပ်ငန်းရှင်များအတွက် အတိုးနှုန်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး စဉ်းစားစေလိုကြောင်း အကြံပြုပြောကြားပါသည်။

ကောင်စီအနေဖြင့် ထိုင်းပို့ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးမည့် မဟာဗျူဟာကျသော အစီအစဉ်တစ်ခုကို အစိုးရသစ်ထံတင်ပြသွားမည်ဖြစ်ကြောင်း၊ ယင်းအစီအစဉ်သည် ၂၀၂၄ ခုနှစ်အတွင်းစဉ်ဆက်မပြတ်သော ပို့ကုန်တိုးတက်စေရေးအတွက် ကုန်ကျစရိတ်လျှော့ချရေး၊ စွမ်းဆောင်ရည်တိုးတက်ရေးနှင့် ကုန်သွယ်မှုအခွင့်အလမ်းများ ဖန်တီးပေးရေးတို့ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ 

 

Source: www.bangkokpost.gov

 စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News