International News

နိုင်ငံ၏ ပို့ကုန်တင်ပို့မှုတိုးတက်စေရေး အတတ်နိုင်ဆုံးကြိုးပမ်းသွားမည်ဟု တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးပြောကြား

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုအခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါကြောင်းနှင့် အစိုးရကလည်း နိုင်ငံ၏ပို့ကုန်တင်ပို့မှု တိုးတက်စေရေး အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ကျင်းပခဲ့သည့်  စီးပွားရေးနှင့် သက်ဆိုင်သည့်ဝန်ကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတွင် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး Mr. Choo Kyung-ho က ပြောကြားခဲ့ပါသည်။

နိုင်ငံ၏ပို့ကုန်တင်ပို့မှု အခြေအနေသည် လအလိုက်တည်ငြိမ်မှု မရှိသေးသော်လည်း တိုးတက်မှုရှိလာသည်ကို မြင်တွေ့ရကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ၁၀ လဆက်တိုက်လ အဖြစ်ကျဆင်းခဲ့သော်လည်း ပို့ကုန်တင်ပို့မှုဝင်ငွေသည် သွင်းကုန်တင်သွင်းမှုအတွက် ကုန်ကျငွေထက်မြင့်မားခဲ့သဖြင့် ကုန်သွယ်မှုပိုငွေပြခဲ့သည်မှာလည်း (၂) လဆက်တိုက်ရှိပြီဖြစ်ပါကြောင်း၊ ကုန်သွယ်မှုပိုငွေပြခဲ့သည့်အပြင် ပြည်ပမှလွှဲပြောင်းပေးလာသော အမြတ်ဝေစုများ တိုးတက်ရရှိလာခြင်းတို့ကြောင့် လက်ရှိငွေစာရင်းပိုငွေပြခဲ့သည်မှာလည်း (၂) လ ဆက်တိုက်ရှိပြီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံ၏ ပို့ကုန်တင်ပို့မှုမြှင့်တင်ရေး အထောက်အပံ့ အဖြစ် အကောက်ခွန်ကုန်လှောင်ရုံ (Customs Bonded Warehouse) ဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ဖြေလျှော့ပေးမည်ဖြစ်ကြောင်း၊ အကျိုးဆက်အဖြစ် ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများ (ဥပမာ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (Semiconductors) စုစုပေါင်းတင်ပို့မှု၏ ၉၃ ရာခိုင်နှုန်းသည် Bonded Warehouse တွင်ထားပြီးမှ တင်ပို့ကြပါသည်။) သည် မိမိတို့ပို့ကုန်များကို Bonded Warehouse အတွင်း ပြန်လည်ပြုပြင်ထုပ်ပိုးခြင်း၊ တပ်ဆင်ခြင်းများပြုလုပ်၍ တန်ဖိုးမြှင့်တင်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်တွင်းကုမ္ပဏီများအား Bonded Warehouse အသစ်များတည်ဆောက်ရန်လည်း ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း ဝန်ကြီး Mr. Choo Kyung-ho က ပြောကြားခဲ့ပါသည်။

 

 

Source; https://www.koreaherald.com/view.php?ud=20230809000181

            https://pulsenews.co.kr/view.php?sc=30800028&year=2023&no=238404

(စီးပွားရေးသံမှူး၊ ကိုရီးယားသမ္မတနိုင်ငံ)

Category: International News