အစိုးရ၏ မူဝါဒပိုင်းပံ့ပိုးမှုများကြောင့် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် နိုဝင်ဘာလတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (National Bureau of Statistics-NBS) မှ ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
NBS ၏အဆိုအရ တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် purchasing managers' index (PMI)သည် အောက်တိုဘာလတွင် (၅၀.၁)ရှိခဲ့ရာမှ နိုဝင်ဘာလတွင် (၅၀.၃)သို့ မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။
NBS စာရင်းအင်းပညာရှင် Zhao Qinghe ၏ အဆိုအရ ထပ်တိုးမူဝါဒများနှင့် လက်ရှိမူဝါဒများ တဖြည်းဖြည်း အကျိုးသက်ရောက်လာသောကြောင့် တရုတ်၏ ထုတ်လုပ်မှုကဏ္ဍသည် နိုဝင်ဘာလတွင် အရှိန်မြှင့်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရောင်းလိုအားနှင့် ဝယ်လိုအား နှစ်ခုစလုံးသည် နိုဝင်ဘာလတွင် ပြန်လည်ဦးမော့လာခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့် အမှာစာသစ်ရရှိမှုဆိုင်ရာ အညွှန်းကိန်းခွဲများသည် (၅၂.၄)နှင့် (၅၀.၈)အထိ အသီးသီးမြင့်တက်လာခဲ့သည်ဟု Zhao က ပြောကြားခဲ့ ကြောင်း သိရှိရသည်။
ယေဘုယျအားဖြင့် စက်ကိရိယာများနှင့် မော်တော်ယာဥ်လုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့် အမှာစာအသစ်ရရှိမှုဆိုင်ရာအညွှန်းကိန်းခွဲများသည် (၅၄)အထက်သို့ အရှိန်အဟုန်ဖြင့် မြင့်တက်လာကြောင်း သိရှိရသည်။
NBS ၏အချက်အလက်များအရလည်း နည်းပညာမြင့်ကုန်ပစ္စည်းထုတ်လုပ်မှု၊ လူသုံးကုန်ပစ္စည်းများနှင့် စက်ကိရိယာများထုတ်လုပ်မှုကဲ့သို့သော အဓိကကဏ္ဍများသည် တည်ငြိမ်ပြီး အပြုသဘောဆောင်သည့်အနေအထားရှိသည်ဟု NBS မှ ထုတ်ပြန်ထားကြောင်း သိရှိရသည်။
ထုတ်လုပ်သူများအကြား ယုံကြည်မှုတိုးလာခြင်းကို ပြသသည့် စီးပွားရေးမျှော်မှန်းချက် အညွှန်းကိန်းသည် (၅၄.၇)အထိ မြင့်တက်လာသဖြင့် နိုဝင်ဘာလတွင် ဈေးကွက်ခိုင်မာမှုမှာ ဆက်လက်တိုးတက်နေကြောင်း သိရှိရသည်။
အဆိုပါအချက်အလက်များအရ ထုတ်လုပ်မှုမဟုတ်သော PMI သည် အောက်တိုဘာလ တွင် (၅၀.၂)မှ နိုဝင်ဘာလတွင် (၅၀)သို့ ကျဆင်းသွားပြီး အထွေထွေ PMI သည် အောက်တိုဘာလကအတိုင်း (၅၀.၈)တွင် ဆက်လက်တည်ရှိနေကြောင်း သိရှိရသည်။
ဝန်ဆောင်မှုကဏ္ဍအတွက် စီးပွားရေးမျှော်မှန်းချက်အညွှန်းကိန်းသည် နိုဝင်ဘာလတွင် (၅၇.၃)ရှိနေခဲ့ပြီး ဆောက်လုပ်ရေးကဏ္ဍအတွက် အညွှန်းကိန်းသည် (၅၅.၆)သို့ မြင့်တက်လာကာ ကဏ္ဍနှစ်ခုစလုံးတွင် စျေးကွက်ယုံကြည်မှုများ တိုးတက်လာခဲ့ကြောင်း NBS မှ သိရှိရသည်။
စက်တင်ဘာလကတည်းက အစိုးရဌာနအသီးသီးသည် စီးပွားရေးတိုးတက်မှုကို အားကောင်းစေရန် ရည်ရွယ်သည့် သိသာထင်ရှားသော ထပ်တိုးမူဝါဒများကို ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ဤအစီအမံများသည် အဓိကနယ်ပယ်(၅)ခုဖြစ်သည့် မက်ခရိုစီးပွားရေး တန်ပြန်ချိန်ညှိမှုကို မြှင့်တင်ခြင်း၊ ထိရောက်သောပြည်တွင်းဝယ်လိုအားကို တိုးချဲ့ခြင်း၊ လုပ်ငန်းများအတွက် ပံ့ပိုးကူညီမှုများတိုးမြှင့်ခြင်း၊ အိမ်ခြံမြေဈေးကွက် တည်ငြိမ်စေခြင်းနှင့် အရင်းအနှီးဈေးကွက် မြှင့်တင်ပေးခြင်းတို့တွင် အဓိကထားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထပ်တိုးမူဝါဒနှင့် လက်ရှိမူဝါဒများ၏ အကျိုးရလဒ်များ ထွက်ပေါ်လာသည်နှင့်အမျှ စီးပွားရေးတက်ကြွမှု၊ ပိုမိုကောင်းမွန်သော စက်မှုလုပ်ငန်းတည်ဆောက်ပုံများနှင့် လုပ်ငန်းများ၏ ယုံကြည်မှုများ တိုးမြင့်လာသည်ဟု China Logistics Information Center မှ လေ့လာသုံးသပ်သူ Wen Tao က ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဘက်ပေါင်းစုံ၌ အပြုသဘောဆောင်သောအပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နေပြီး တရုတ်နိုင်ငံ၏ လက်ရှိစီးပွားရေးပြန်လည်ဦးမော့လာမှုကို ထပ်မံပေါင်းစည်းလိုက်ကြောင်း Wen က ပြောကြားခဲ့သည်ဟု သိရှိရသည်။
Source: https://english.news.cn/20241130/9c24055b599e4c23b10e449150cfb0ee/c.html
(စီးပွားရေးသံမှူး၊ နန်နင်းမြို့)