International News

တရုတ်နိုင်ငံ၏ သစ်သီးတင်သွင်းမှုတန်ဖိုးသည် ၂၀၂၄ ခုနှစ်၊ ပထမ (၉)လတွင် (၁.၇)% မြင့်တက်လာ

Last Updated:

တရုတ်အကောက်ခွန်ဌာနနှင့် China Chamber of Commerce for Import and Export of Foodstuffs, Native Produce and Animal By-Products တို့၏ အချက်အလက်များအရ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ(၉)လတွင် သစ်သီးဝလံတန်ချိန် (၆.၀၃)သန်း တင်သွင်းခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက (၀.၁၅)%သို့ အနည်းငယ် လျော့ကျသွားခဲ့ကြောင်း၊  တစ်ချိန် တည်းမှာပင် သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၁၄.၃၄)ဘီလီယံအထိ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၁.၇)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ထို့သို့ တန်ဖိုးအသင့်အတင့် မြင့်တက်လာခြင်းသည် တရုတ်နိုင်ငံတွင် အရည်အသွေးမြင့် သစ်သီးများအတွက် စားသုံးသူများ၏ ဝယ်လိုအား အခိုင်အမာ ရှိနေသည်ကို ပြသလျက်ရှိကြောင်း သိရှိရသည်။

တင်သွင်းမှုပမာဏအရ ဒူးရင်းသီးသည် မတ်ထရစ်တန်ချိန် (၁.၃၈)သန်းဖြင့် ထိပ်ဆုံးမှရပ်တည်နေပြီး ၎င်းနောက်တွင် ငှက်ပျောသီးအစိမ်းနှင့် အခြောက် (plantains မပါဝင်) မတ်ထ ရစ်တန်ချိန် (၁.၂၃)သန်းတင်သွင်းခဲ့ကာ  လတ်ဆတ်သောချယ်ရီသီး မက်ထရစ်တန် (၃၅၇,၈၀၀)၊ လတ်ဆတ်သော (သို့မဟုတ်) အခြောက်လှန်းထားသော မင်းဂွတ်သီး မက်ထရစ်တန် (၂၆၃,၄၀၀) နှင့် လတ်ဆတ်သောကီဝီသီး မက်ထရစ်တန်(၁၃၇,၆၀၀) တင်သွင်းခဲ့ကြောင်း သိရှိရသည်။

တင်သွင်းမှုတန်ဖိုးအရ ဒူးရင်းသီးသည် အမေရိကန်ဒေါ်လာ (၆.၂၀)ဘီလီယံဖြင့် ပထမ နေရာ၌ ရပ်တည်နေပြီး ၎င်းနောက်တွင် လတ်ဆတ်သော ချယ်ရီသီးများသည် အမေရိကန် ဒေါ်လာ (၂.၇၅)ဘီလီယံဖြင့် ဒုတိယနေရာ၌ရပ်တည်နေကြောင်း၊ လတ်ဆတ်သော (သို့မဟုတ်) အခြောက်လှန်းသော ငှက်ပျောသီးများ(plantains မပါဝင်)တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၆၅၅) သန်း၊ လတ်ဆတ်သော (သို့မဟုတ်) အခြောက်လှန်းသောမင်းဂွတ်သီး အမေရိကန်ဒေါ်လာ (၆၃၃)သန်းနှင့် လတ်ဆတ်သော ကီဝီသီးသည် အမေရိကန်ဒေါ်လာ (၅၄၆)သန်း အသီးသီးရှိခဲ့ ကြောင်း သိရှိရသည်။

ထို့ကြောင့် ဒူးရင်းသီးများသည် ၂၀၂၄ ခုနှစ်၊ ပထမ ကိုးလအတွင်း တင်သွင်းမှုတန်ဖိုးနှင့် ပမာဏ နှစ်ခုစလုံးတွင် ဆက်လက်ဦးဆောင်လျက်ရှိကြောင်း၊ ထိုင်းနှင့် ဗီယက်နမ်တို့သည် တရုတ်ဈေးကွက်သို့ ဒူးရင်းသီးအဓိကတင်သွင်းသူအဖြစ် ဆက်လက်တည်ရှိနေကာ ဗီယက်နမ် သည် ဈေးကွက်ဝေစုအရ ထိုင်းနိုင်ငံကို လျင်မြန်စွာ မှီလာတော့မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် သွင်းကုန်တန်ဖိုး၏ (၆၀.၂၀)%နှင့် သွင်းကုန်ပမာဏ၏ (၅၄.၇၂)%ရှိပြီး ဗီယက်နမ်သည် (၃၉.၄၈)%နှင့် သွင်းကုန်ပမာဏ၏ (၄၄.၈၁)%ရှိကြောင်း၊ မကြာသေးမီက မလေးရှားနိုင်ငံမှ ဒူးရင်းသီး တင်သွင်းမှုကို ခွင့်ပြုခဲ့သောကြောင့် ၎င်းသည် အနာဂတ်တွင် တရုတ်ဈေးကွက်ဝေစုကို တဖြည်းဖြည်း သိမ်းပိုက်နိုင်မည်ဟု မျှော်လင့်ရကြောင်း၊ ၂၀၂၂ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံ၏ ဒူးရင်းသီးတင်သွင်းမှုပမာဏသည် ဆက်တိုက်တိုးတက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ တစ်နှစ်ထက်တစ်နှစ် (၁၁.၂)% တိုးလာခဲ့ကြောင်း သိရှိရသည်။

လတ်ဆတ်သော ချယ်ရီသီးများသည် သွင်းကုန်တန်ဖိုးတွင် ဒုတိယနှင့် တင်သွင်းမှုပမာဏတွင် တတိယအဆင့်ရှိကြောင်း၊ သွင်းကုန်တန်ဖိုးသည် တစ်နှစ်ထက်တစ်နှစ် (၂၃.၆၆)% မြင့်တက် ခဲ့ပြီး ပမာဏမှာ (၁၃.၅၃)% မြင့်တက်ခဲ့ကာ ခိုင်မာသောစျေးကွက်ဝယ်လိုအားနှင့် တိုးတက်မှု အလားအလာတို့ကို ပြသလျက်ရှိကြောင်း၊ ချီလီနိုင်ငံသည် ချယ်ရီသီးတင်သွင်းမှုကို ဦးဆောင်နေပြီး သွင်းကုန်တန်ဖိုး၏ (၉၆.၈၂)% ရှိပြီး အမေရိကန်က (၂.၁၈)%၊ နယူးဇီလန်က (၀.၄၅)%၊ အာဂျင်တီးနားက (၀.၃၀)% နှင့် သြစတြေးလျက (၀.၂၅)% ရှိကြောင်း သိရှိရသည်။

လတ်ဆတ်သော ကီဝီသီးများသည် စားပွဲတင်စပျစ်သီးများကို ကျော်တက်ကာ သွင်းကုန် တန်ဖိုးနှင့် ပမာဏနှစ်မျိုးစလုံးတွင် ထိပ်တန်းငါးခုတွင် နေရာရရှိလာကြောင်း၊ တရုတ်နိုင်ငံ၏ ကီဝီသီး တင်သွင်းသည့်ဈေးကွက်တွင် နယူးဇီလန်သည် တင်သွင်းမှုတန်ဖိုး၏ (၉၈.၅၁)%နှင့် သွင်းကုန်ပမာဏ၏ (၉၈.၆၁)% ရှိကာ တစ်နှစ်ထက်တစ်နှစ် (၂၅.၉၇)%နှင့် (၃၇.၃၂)% အသီးသီး မြင့်တက်လာကြောင်း၊ အီတလီနှင့် ဂရိနိုင်ငံတို့သည် ဤကာလအတွင်း တရုတ်နိုင်ငံသို့ ကီဝီသီး များကို တင်ပို့ရောင်းချခဲ့သော်လည်း ၎င်းတို့၏ စျေးကွက်ဝေစုမှာ (၁.၃၄)% နှင့် (၀.၁၅)% သာ အသီးသီးရှိခဲ့ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ၊ ထိုင်း၊ ချီလီ၊ ဗီယက်နမ်၊ နယူးဇီလန်နှင့် ဖိလစ်ပိုင်တို့သည် တန်ဖိုးအားဖြင့် တရုတ်နိုင်ငံသို့ သစ်သီးဝလံတင်ပို့ရောင်းချသည့် ထိပ်တန်းနိုင်ငံ(၅)ခုဖြစ်ခဲ့ ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ တရုတ်နိုင်ငံ၏ သွင်းကုန်တန်ဖိုးသည် ထိုင်းနိုင်ငံမှ အမေရိကန်ဒေါ်လာ (၅.၂၉)ဘီလီယံ၊ ချီလီက အမေရိကန်ဒေါ်လာ(၃.၂၅) ဘီလီယံ၊ ဗီယက်နမ်မှ အမေရိကန်ဒေါ်လာ (၃.၀၂)ဘီလီယံ၊ နယူးဇီလန်မှ အမေရိကန်ဒေါ်လာ (၇၁၇) သန်းနှင့် ဖိလစ်ပိုင်မှ အမေရိကန်ဒေါ်လာ (၃၅၆)သန်း ရှိခဲ့ကြောင်း သိရှိရသည်။

သွင်းကုန်ပမာဏအရ ထိပ်တန်းတင်သွင်းသူ(၅)ဦး၏ အဆင့်သတ်မှတ်ချက်များသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အနည်းငယ်ပြောင်းလဲသွားခဲ့ကြောင်း၊ ဗီယက်နမ်သည် ယခုနှစ် ပထမ(၉)လအတွင်း ပမာဏအားဖြင့် မက်ထရစ်တန်ချိန်(၁.၆၇)သန်းဖြင့် ထိုင်းနိုင်ငံကို ကျော်တက် သွားခဲ့ကြောင်း၊ ထိုင်းနိုင်ငံသည် မက်ထရစ်တန် (၁.၅၈)သန်း၊ ချီလီသည် မက်ထရစ်တန် (၅၇၃,၆၀၀)၊ ဖိလစ်ပိုင်က မက်ထရစ်တန် (၅၀၉,၁၀၀)နှင့် နယူးဇီလန်သည်  မက်ထရစ်တန် (၂၀၂,၆၀၀) အသီးသီးရှိခဲ့ကြောင်း သိရှိရသည်။

Source: https://www.producereport.com/article/chinas-fruit-import-value-17-first-9-months-2024

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News