International News

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများအကြား နယ်စပ်ကုန်သွယ်မှုကို ဘတ် ၁.၂ ထရီလီ ယံရောက်ရှိရန် မျှော်မှန်းထား

Last Updated:

ယခုနှစ်အတွင်း နယ်စပ်ကုန်သွယ်မှုမှ ဘတ် ၁ ထရီလီယံ ရရှိရန် ခန့်မှန်းထားချက်၏ ၂၀ ရာခိုင် နှုန်း တိုးတက်မှုအဖြစ် ၂၀၂၄ ခုနှစ်တွင် ဘတ် ၁.၂ ထရီလီယံ ရရှိရန် မျှော်မှန်းထားကြောင်း၊ ခန့်မှန်း ချက်ကို ပြည့်မီစေရေးအတွက် အများပြည်သူသုံးထုတ်ကုန်များ၊ ဒေသကိုယ်စားပြုထုတ်ကုန်များနှင့် Franchises များကို တွန်းအားပေးသွားမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန၊ ကုန်သွယ်မှု ညှိနှိုင်းရေးဦးစီးဌာနနှင့် နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနများကို တာဝန်ယူကြီး ကြပ်ရသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Napintorn Srisunpang က ပြောကြားခဲ့ပါသည်။

ဝန်ကြီးဌာနအနေဖြင့် ကုန်စည်ပြပွဲများ စီစဉ်ဆောင်ရွက်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံခြားကုန်သွယ်ရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား ဖိတ်ကြား၍ ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများနှင့်စပ်လျဉ်း၍ ဖြေလျှော့နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အစိုးရဌာနများအနေဖြင့်လည်း နယ်စပ်ကုန်သွယ်မှု မြှင့်တင်နိုင်ရေးဆိုင်ရာ အစီအစဉ်အပေါ်တွင် ဆောင်ရွက်နေကြပါကြောင်း၊ နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အဓိကနယ်စပ်ကုန်သွယ်ရေး ဧရိယာများဖြစ်သည့် ချင်းရိုင်၊ တက်ခ်ပြည်နယ် မဲဆောက်၊ ဆောင်ကလာပြည်နယ် Sadao-Padang Besar၊ Nong Khai၊ Surin နှင့် Buri Ram တို့တွင် ဦးစွာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြည့်စွက်ရှင်းလင်းပါသည်။

စီးပွားရေးဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့၏ ဝယ်ယူသုံးစွဲမှုအခြေအနေအပေါ် စိုးရိမ်ပူပန်မှုရှိနေပါကြောင်း၊ ထိုင်းလူသုံးကုန်ပစ္စည်းများသည် အရည်အသွေးနှင့် ဈေးနှုန်းကြောင့် လူကြိုက်များနေဆဲဖြစ်ကြောင်း၊ တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးကိုလည်း မြှင့်တင်သွားမည်ဖြစ်ပါကြောင်း ဆက်လက်ပြောကြားခဲ့ပါ သည်။

အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ တိုးတက်မှုနှင့် ပို့ကုန်စွမ်းရည် တိုးမြှင့်နိုင်ရေးအတွက် သက်ဆိုင်ရာဦးစီးဌာနများ ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်ထားပြီးဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင် ကုမ္ပဏီ ၂ သန်းခန့် မှတ်ပုံတင်ထားသော်လည်း ၉၀၀,၀၀၀ ခန့်သာ လုပ်ငန်းဆောင်ရွက် နေသည်ကို တွေ့ရှိရပါကြောင်း၊ နယ်စပ်ကုန်သွယ်မှုကိုကြည့်မည်ဆိုပါက ၉၀ ရာခိုင်နှုန်းသည် လုပ်ငန်း ကြီးများမှဖြစ်ပြီး ၁၀ ရာခိုင်နှုန်းမှာ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေသည် GDP ၏ ၄၀-၅၀ ရာခိုင်နှုန်းရှိသော်လည်း ထိုင်းနိုင်ငံမှာမူ ၃၄ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ ၃၅.၂ ရာခိုင်နှုန်းထိ ရောက်ရှိရန်မှာ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်ဝင်ငွေကို တိုးမြှင့်လို ကြောင်း၊ EU၊ UAE  နှင့် သီရိလင်္ကာနိုင်ငံများနှင့် ညှိနှိုင်းဆဲဖြစ်သော လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ် (FTA) များကို အပြီးသတ်ဆွေးနွေးရန် မိမိအားတာဝန်ပေးအပ်ထားပါကြောင်း၊ ဘူတန်၊ တောင်ကိုရီယားနှင့် အစ္စရေးစသည့် မိတ်ဖက်အသစ်များနှင့်လည်း ဆွေးနွေးသွားမည်ဖြစ် ကြောင်း Mr. Napintorn က ဆက်လက်ပြောကြားခဲ့ပါသည်။

ကုန်သွယ်မှုညှိနှိုင်းရေးကိုယ်စားလှယ်များအား ပူးတွဲကုန်သွယ်ရေး ကော်မတီများမှတစ်ဆင့် မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ တရုတ်နှင့် ယူကေတို့မှ ဆွေးနွေးဖက်များနှင့် တွေ့ဆုံ၍ ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများနှင့် ဈေးကွက်ဝင်ရောက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားရန် တာဝန် ပေးအပ်ထားပါကြောင်း၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် လက်တင်အမေရိက စသည့်ဈေးကွက်သစ်များအကြား FTA ဆိုင်ရာ ကောင်းကျိုးနှင့် ဆိုးကျိုးများအပေါ် လေ့လာသုံးသပ်ရန် ကုန်သွယ်မှုညှိနှိုင်း ရေးဦးစီးဌာနကို တာဝန်ပေးအပ်ထားကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ဈေးကွက်သစ်များ ချဲ့ထွင်နိုင်ရေးအတွက် မိတ်ဖက်နိုင်ငံသစ်များနှင့် FTA ဆိုင်ရာ ကောင်းကျိုး၊ ဆိုးကျိုးများကို သုံးသပ်၍ FTA ရေးထိုးနိုင်ရေး ဆောင်ရွက်သင့်ကြောင်း ဖြည့်စွက်အကြံပြုရပါသည်။

 

 

 

Source: www.bangkokpost. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News