International News

ဩစတြေးလျဝိုင်အပေါ် တရုတ်နိုင်ငံ၏ အကောက်ခွန်စည်းကြပ်ထားမှုအား ဖြေလျှော့ပေးနိုင်ရေး လုံးဝညှိနှိုင်း သွားမည်မဟုတ်ကြောင်းဩစတြေးလျမှ ပြောကြား

Last Updated:

ဩစတြေးလျဝိုင်အပေါ် တရုတ်နိုင်ငံ၏  အကောက်ခွန်စည်းကြပ်ထားမှုအား ဖြေလျှော့ပေးမည်ဆိုပါက တရုတ်နိုင်ငံ၏ လေတာဘိုင်များ၊ မီးရထားဘီးများနှင့် စတီးလ်ဘေစင်များအပေါ်ပိုမို သက်သာသောအကောက်ခွန်နှုန်းထားများ ချမှတ်ပေးရန် တရုတ်မှအဆိုပြုထားသည်ဆိုသည့် သတင်းထွက်ပေါ်နေခြင်းအပေါ် လုံးဝညှိနှိုင်းသွားမည်မဟုတ်ကြောင်း ဩစတြေးလျဘက်က ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီး Murray Watt က ဩစတြေးလျအစိုးရအနေဖြင့် အဆိုပါကိစ္စရပ်အပေါ် “ လုံးဝ သီးခြားကိစ္စများ ” အဖြစ် မှတ်ယူထားသော်လည်း ဆွေးနွေးမှုမှတဆင့် ကျန်ရှိနေသော ကုန်သွယ်မှုပြသနာများကို ဖြေရှင်းမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သို့သော် ဩစတြေးလျဝိုင်အပေါ်  တရုတ်နိုင်ငံမှ  အကောက်ခွန်နှုန်းထား ၂၁၂ %ထိ စည်းကြပ်မှုအပေါ်တွင်မူ   ဩစတြေးလျအစိုးရသည်  ဆန့်ကျင်ကြောင်းနှင့်  ယင်းတို့ကိုဖယ်ရှားပေးရန်  ကမ္ဘ့ကုန်သွယ်ရေးအဖွဲ့တွင် ဆက်လက်ဖိအားပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဩစတြေးလျမုယောစပါးနှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ ဖြစ်ပွားနေသော ဩစတြေးလျ-တရုတ် အငြင်းပွားမှုကို ဩစတြေးလျဘက်မှ ဩဂုတ်လတွင် ရပ်စဲလိုက်ခြင်းကြောင့် တရုတ်နိုင်ငံက ဩစတြေးလျ မုယောစပါးအပေါ် အကောက်ခွန်စည်းကြပ်မှုကို ဖယ်ရှားပေးသွားမည် ဖြစ်ကြောင်းကြေညာခဲ့ပါသည်။ ဖော်ပြပါအငြင်းပွားမှုကို ပြီးဆုံးစေရန်အတွက် တရုတ်အစိုးရက အတွဲလိုက်ကမ်းလှမ်းချက် (Package Deal) တစ်ခု အဆိုပြုတင်သွင်းခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ He Yadong အားကိုးကား၍ ပြောကြားခဲ့ပါသည်။

တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူက နှစ်နိုင်ငံလုံးအနေဖြင့် တစ်ဖက်၏အရေးကိစ္စများကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း၊ ဩစတြေးလျ Anti-dumping ကော်မရှင်၏ တရုတ်နိုင်ငံလေတာဘိုင်များ၊ မီးရထားဘီးများနှင့် စတီးလ်ဘေစင်များအပေါ် ဆုံးဖြတ်ချက်လည်းပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။

သို့သော် အဆိုပါကမ်းလှမ်းမှုအပေါ် ဩစတြေးလျအစိုးရကို မေးမြန်းကြည့်ရာ “ တရုတ်နှင့် ဆက်ဆံရေးပြေလည်မှုက မုယောစပါး၊ သစ်သီးဝလံပန်းမန်၊ ဝါစိုက်ပျိုးသည့် လယ်သမားများနှင့် အခြားဒေသရှိ လယ်သမားများအတွက် အမြတ်များပေးဆောင်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း မုယောစပါးအငြင်းပွားမှုကို  ဆွေးနွေးညှိနှိုင်းမှုမှတဆင့် ဖြေရှင်းခဲ့သည့်နည်းလမ်းအတိုင်း ဝိုင်ကိုဖြေရှင်းရန် ကျန်ရှိနေသေးကြောင်း၊ ဝိုင်အပေါ် တရုတ်နိုင်ငံ၏ anti-dumping အကောက်ခွန်နှုန်းစည်းကြပ်မှုနှင့်ပတ်သက်၍ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ အကောက်ခွန်နှုန်းမသတ်မှတ်ခဲ့မီက ဩစတြေးလျ ဝိုင်ကုန်သွယ်မှုတန်ဖိုးသည် ၁ ဘီလီယမ်ထိ ရရှိခဲ့သော်လည်း ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆ သန်းထိ ကျဆင်းခဲ့သဖြင့် အရေးကြီးကိစ္စဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံ၏ကုန်စည်အတွဲလိုက်အပေါ် သက်သာသော အကောက်ခွန်နှုန်းများ ကောက်ခံရေးကမ်းလှမ်းမှုကို လုံးဝလက်ခံသွားမည်မဟုတ်ကြောင်း ” ပြောကြားခဲ့ပါသည်။

ဝိုင်အငြင်းပွားမှုကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ သံမဏိနှင့်ပတ်သက်သည့် အငြင်းပွားမှုကိုဆက်လက်ခုခံ ကာကွယ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အငြင်းပွားမှုများကို ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ၂၀၂၀ ခုနှစ်က နှစ်နိုင်ငံကြားအဆင်မပြေခဲ့သည့် ဆက်ဆံရေးကို တည်ငြိမ်စေရန်အတွက် ဝန်ကြီးချုပ် Anthony Albanese သည် စက်တင်ဘာလအစောပိုင်းကာလတွင်တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းကို ဝန်ကြီး Murray Watt က ပြောကြားခဲ့ပါသည်။

Source: https://www.theguardian.com

https://commerce.gov.mm

Category: International News