International News

ကမ္ဘာ့ထုတ်လုပ်မှုများကျဆင်းခဲ့မှုကြောင့် ၂၀၂၃ ခုနှစ်အတွက် ကုန်သွယ်ရေးတိုးတက်မှုကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကလျှော့ချခန့်မှန်းထား

Last Updated:

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော “ ကမ္ဘာ့ကုန်သွယ်မှုအလား အလာနှင့်စာရင်းအင်းများ ” အစီရင်ခံစာအရ၂၀၂၂ခုနှစ် စတုတ္ထသုံးလ ပတ်ကစတင်ကျဆင်းခဲ့သော ကမ္ဘာ့ကုန်စည် ကုန်သွယ်မှုကြောင့် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ကုန်သွယ်ရေးတိုးတက်မှုကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ စီးပွားရေး ပညာရှင်များကလျှော့ချခန့်မှန်းထားပါသည်။

ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုပမာဏသည် ယခုနှစ်တွင် ၀.၈% တိုးတက်မည်ဟု မျှော်မှန်းထားပြီး ပြီးခဲ့သည့်ဧပြီလခန့်မှန်းချက် ၁.၇% ထက် ထက်ဝက်လျော့နည်းခဲ့ပါသည်။ ၂၀၂၄ ခုနှစ် အတွက် တိုးတက်မှုခန့်မှန်းချက် ၃.၃ %ကမူ ပြောင်းလဲခြင်းမရှိပါ။ ကမ္ဘာ့ပြည်တွင်း အသားတင် ထုတ်လုပ်မှု (GDP) သည် ၂၀၂၃ ခုနှစ်တွင် ၂.၆% ရှိပြီး ၂၀၂၄ ခုနှစ်တွင် ၂.၅% ရှိမည်ဟု ခန့်မှန်းထားပါသည်။

၂၀၂၂ခုနှစ်၊ စတုတ္ထသုံးလပတ်မှစ၍ ကမ္ဘာ့ကုန်သွယ်မှုနှင့် ထုတ်လုပ်မှုကျဆင်းခြင်းသည် အမေရိကန်၊ အီးယူနှင့်အခြားကမ္ဘာ့နိုင်ငံများ၏ ငွေကြေးဖောင်းပွမှု၊ တင်းကြပ်သော ငွေကြေးမူဝါဒများ၊ ကိုဗစ် ၁၉ ရောဂါမှ နလန်ထူခါစ တရုတ်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက်တင်းမာမှုတို့ကြောင့်ဖြစ်ပြီး ယူကရိန်းစစ်ပွဲ၏ အကျိုးဆက်များကလည်း ကုန်သွယ်မှုအလားအလာများကို ဝေဝါးစေပါသည်။ ကုန်သွယ်မှုကျဆင်းရခြင်းသည် ကျယ်ပြန့်ပြီးနိုင်ငံနှင့်ကုန်စည်အများအပြားနှင့် သက်ဆိုင်နေပါသည်။ ကမ္ဘာ့ GDP တိုးတက်မှုနှုန်းသည် နှေးကွေးသော်လည်း ယခုအတိုင်း တည်ငြိမ်စွာတိုးတက်ပါက လာမည့်နှစ်တွင် ကုန်သွယ်မှုတိုးတက်လာမည်ဖြစ်ပါသည်။ ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်ပြီး အတိုးနှုန်းများကျလာသည်နှင့်အမျှ အရေးကြီးသောစီးပွားရေးလုပ်ငန်းများ တည်ငြိမ်စွာလည်ပတ်ပြီး ပြန်လည်အားကောင်းလာမည်ဖြစ်ပါသည်။ သို့သော်ရောင်းလိုအား ကွင်းဆက်ပြတ်တောက်မှုများက ၂၀၂၄ ခုနှစ်အတွက် အလားအလာကောင်းများကိုခြိမ်းခြောက် နေပါသည်။ ဥပမာ- ကမ္ဘာ့ကုန်သွယ်မှုတွင်ကြားအဆင့်ကုန်စည်(Intermediate Goods) ပါဝင်မှုသည်ပြီးခဲ့သည့်သုံးနှစ်အတွင်း၅၁ % ရှိသော်လည်း ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ၄၈.၅% သို့ကျဆင်းသွားပါသည်။ ထို့အပြင် အာရှနှင့်အမေရိကန် ကုန်သွယ်မှုတွင် ကြားအဆင့်ကုန်စည်များ ပါဝင်မှုသည် ၂၀၂၂ခုနှစ်က ၄၃ % ရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင်၃၈ % သို့ ကျဆင်းသွားသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က၂၀၂၃ ခုနှစ်အတွက် ကုန်သွယ်မှုနှေးကွေးမည်ဟု ခန့်မှန်းချက်သည် ကမ္ဘာ့လူနေမှုအဆင့်အတန်းအတွက် ဆိုးရွားသော သက်ရောက်မှုများဖြစ်စေသောကြောင့် စိတ်ပူစရာဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေး အကွဲကွဲအပြားပြား ဖြစ်နေခြင်းသည် အဆိုပါစိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေမည်ဖြစ်ရာ ကမ္ဘာ့ကုန်သွယ်မှု မူဘောင်ကို အားကောင်းစေရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများသည် ကုန်သွယ်မှု အကာအကွယ်ပေးရေး မူဝါဒကိုရှောင်ရှားခြင်း၊ ပိုမိုခံနိုင်ရည်ရှိပြီး အားလုံးပါဝင်နိုင်သော ကမ္ဘာ့စီးပွားရေးကို တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးနှင့်အထူးသဖြင့် ဆင်းရဲသောနိုင်ငံများသည် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတွင် တည်ငြိမ်သော၊ ပွင့်လင်းမြင်သာ၍ခန့်မှန်းနိုင်သော၊ စည်းမျဉ်းအခြေခံပြီး တရားမျှတသော နိုင်ငံစုံကုန်သွယ်မှုစနစ်မရှိပါက ရုန်းကန်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့စီးပွားရေးပညာရှင် Ralph Ossa က “ ကမ္ဘာ့ကုန်သွယ်မှုအကွဲကွဲအပြားပြားဖြစ်ရခြင်းမှာ ပထဝီနိုင်ငံရေး တင်းမာမှုများနှင့်ဆက်နွယ်နေကြောင်း၊ ကံကောင်းထောက်မစွာဖြင့် ကမ္ဘာ့ပြုမှုဖြစ်စဉ်ကို ဆန့်ကျင်ခြင်း (deglobalization)သည် ကျယ်ပြန့်စွာမဖြစ်ပေါ်သေးကြောင်း၊ အချက်အလက်များအရ ကုန်ပစ္စည်းများကိုရှုပ်ထွေးသော ရောင်းလိုအားကွင်းဆက်များမှတစ်ဆင့် ဆက်လက်ထုတ်လုပ်မည်ဖြစ်ပြီး ကာလတိုအတွင်းရောင်းလိုအား ကွင်းဆက် ပမာဏမြင့်မားလာနိုင်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပို့ကုန်နှင့်သွင်းကုန် ပမာဏတိုးတက်ရန် အလားအလာရှိသော်လည်း နိုးနိုး ကြားကြားဆောင်ရွက်ရန်လိုကြောင်းတို့ ပြောကြားခဲ့ပါသည်။

ယခုခန့်မှန်းချက်များတွင် ကမ္ဘာ့စီးပွားရေးလုပ်ငန်းဝန်ဆောင်မှုကုန်သွယ်ရေး မပါဝင်သော်လည်း ကနဦးအချက်အလက်များအရ အဆိုပါကဏ္ဍ၏ တိုးတက်မှုနှုန်းသည် ပြီးခဲ့သည့်နှစ်က သယ်ယူပို့ဆောင်ရေးနှင့်ခရီးသွားလာရေးလုပ်ငန်းများတွင် အားကောင်းမှုများကြောင့် အလယ်အလတ် အဆင့်ဖြစ်နိုင်ကြောင်းသိရသည်။ ၂၀၂၂ခုနှစ်  ဒုတိယသုံးလပတ်တွင်ပြီးခဲ့သည့်နှစ်ထက် ၁၉ % မြင့်တက်ခဲ့သော ကမ္ဘာ့စီးပွားရေးလုပ်ငန်းဝန်ဆောင်မှုကုန်သွယ်ရေးသည် ၂၀၂၃ခုနှစ် ပထမ သုံးလပတ်တွင် ၉ % တိုးလာခဲ့ပါသည်။

Source: WTO

https://commerce.gov.mm

Category: International News