International News

စျေးကွက်ဖြန့်ကျက်ခြင်းသည် တန်ပြန်အကောက်ခွန်များ ချမှတ်ရာတွင် တရုတ်နိုင်ငံအတွက် အထောက်အကူဖြစ်

Last Updated:

အမေရိကန်နိုင်ငံ၏ အခွန်တိုးမြှင့်စည်းကြပ်မှုများကြောင့် အမေရိကန်နှင့် ဆက်ဆံရေး တင်းမာမှုများ မြင့်တက်လာခြင်းသည် ပုံမှန်ကုန်သွယ်မှုလုပ်ငန်းများကို ထိခိုက်စေသဖြင့် နိုင်ငံ ခြားကုန်သွယ်မှု တည်ငြိမ်စေရေးအတွက် မူဝါဒများကို မြှင့်တင်ရန်နှင့် အမှာစာများ သေချာမှု ရှိစေရေးနှင့် စျေးကွက်အသစ်များ ရှာဖွေရေးတို့တွင် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန် တရုတ်နိုင်ငံ၏ မူဝါဒချမှတ်သူများက နိုင်ငံ၏ အဓိကကျသည့် Two Sessions အစည်းအဝေး များအတွင်း ကတိပြုခဲ့ကြကြောင်း လေ့လာသုံးသပ်သူများနှင့် အမှုဆောင်အရာရှိများက ပြောကြားခဲ့သည်ဟု သိရှိရပါ သည်။

တရုတ်နိုင်ငံ၏ ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော၊ ဒစ်ဂျစ်တယ်စနစ်ကို ပိုမိုအသုံးပြုသော၊ အဆင့်မြင့်နည်းပညာများပါဝင်သော ပို့ကုန်များသည် ကုန်သွယ်မှု အပြောင်းအလဲများကို ရင်ဆိုင် ရာတွင် တရုတ်နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် လိုက်လျောညီထွေရှိမှုကို အားကောင်းစေကြောင်း၊ ထို့အပြင် ၎င်းတို့၏ ပြည်တွင်းစားသုံးသူများသည် အရည်အသွေးပြည့်မီသော သွင်းကုန်များ အတွက် စျေးကွက်ကို ကြီးထွားလာစေကြောင်း တရုတ်ထိပ်တန်းဥပဒေပြုရေးနှင့် နိုင်ငံရေးအကြံ ပေးအဖွဲ့များ၏ နှစ်ပတ်လည်အစည်းအဝေးတွင် ၎င်းတို့က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ပြင်ပပတ်ဝန်းကျင်တွင် အပြောင်းအလဲများ မည်သို့ပင်ရှိစေကာမူ ဈေးကွက်ဖွင့်လှစ်ရန် ကတိပြုထားသည့်အတိုင်းဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ် Li Qiang က ယခုနှစ်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေးမူဝါဒများကို အသေးစိတ်ဖော်ပြထားသည့် အစိုးရလုပ်ငန်းအစီရင်ခံစာ ကို ဖတ်ကြားစဉ် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သမ္မတသက်တမ်း ပထမလအတွင်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ် ပို့ကုန်များအပေါ် ထပ်ဆောင်းအခွန် (၁၀)ရာခိုင်နှုန်း နှစ်ကြိမ် ချမှတ်ခဲ့ကြောင်း၊ အမေရိကန်၏ အခွန်စည်းကြပ်မှု (၁၀)ရာခိုင်နှုန်း တိုးလိုက်တိုင်းသည် တရုတ်နိုင်ငံ၏ ပို့ကုန်စွမ်းဆောင်ရည်တွင် (၂) မှ (၂.၅) ရာခိုင်နှုန်း ကျဆင်းသွားနိုင်ကြောင်း တရုတ်စီးပွားရေးပညာရှင် ဖိုရမ်ဥက္ကဋ္ဌ Lian Ping က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ ရင်ဆိုင်နေရသော ပြင်ပပတ်ဝန်းကျင်သည် ပိုမိုရှုပ်ထွေးပြီး မသေချာမရေရာမှုများ ဖြစ်လာနိုင်ကြောင်း၊ အခက်အခဲများရှိနေသော်လည်း ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာခြင်းနှင့်အတူ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် အကျိုးဖြစ်ထွန်း လျက်ရှိကြောင်း Lian က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အချက်အလက်အရ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် (၃)ရာခိုင်နှုန်း တိုးလာရန် မျှော်မှန်းထားပြီး ယခင်နှစ် တိုးတက်မှု လျာထား ချက်ထက် ပိုမိုမြင့်မားလာသဖြင့် ပြည်ပနိုင်ငံများတွင် တရုတ်၏ ဈေးကွက်ချဲ့ထွင်မှုကို ဆက်လက်အားကောင်းစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

နည်းပညာအဆင့်မြင့်ပြီး တန်ဖိုးမြှင့်ထားသည့် ကာဗွန်ထုတ်လွှတ်မှု နည်းပါးသော ထုတ်ကုန်များကို အဆက်မပြတ် တီထွင်ဆန်းသစ်နိုင်မှုသည် တရုတ်နိုင်ငံ၏ ပို့ကုန်အတွက် အရေးကြီးသော ယှဉ်ပြိုင်မှုအားသာချက်တစ်ခုဖြစ်ကြောင်း တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ် မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အကယ်ဒမီမှ သုတေသီ Bai Ming က ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံ၏ နှစ်စဉ် စွမ်းအင်သစ်သုံး မော်တော်ယာဉ်များ ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်တွင် ပထမအကြိမ်အဖြစ် အစီးရေ (၁၀)သန်းကျော်ရှိခဲ့ပြီး  တင်ပို့မှုမှာ အစီးရေ (၂)သန်း ကျော်ခဲ့ကြောင်း တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းမှ ပြောကြားခဲ့သည်ဟု သိရှိရပါ သည်။

ထိုအချက်သည် တရုတ်နိုင်ငံအား ကမ္ဘာ့စျေးကွက်တွင် ရပ်တည်နိုင်စေရန်နှင့် ကိုယ်ကျိုး စီးပွားကာကွယ်သည့်မူဝါဒများ ကြီးထွားလာမှုနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများ ပြင်းထန်လာ နေသည့်ကြားတွင် ခံနိုင်ရည်ရှိစေရန် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း Bai က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် ပိုမိုကွဲပြားသောကုန်သွယ်ဖက်နိုင်ငံများ ရှိနေခြင်း နှင့် ဒေသတွင်းပေါင်းစည်းမှုကို နက်ရှိုင်းစေခြင်းဖြင့် ၎င်း၏ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များကို ပြင်ပတိုက်ခိုက်မှုများမှ ကာကွယ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်တွင် Belt and Road Initiative တွင်ပါဝင်သည့် နိုင်ငံများသို့ တရုတ်နိုင်ငံ၏ တင်ပို့မှုမှာ တစ်နှစ်ထက်တစ်နှစ် (၉.၆)ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အာဆီယံနိုင်ငံများသို့ တင်ပို့မှုမှာ (၁၃.၄) ရာခိုင်နှုန်း၊ ဘရာဇီးလ်သို့ (၂၃.၃)ရာခိုင်နှုန်း၊ အာရပ်စော်ဘွားများပြည်ထောင်စုသို့ (၁၉.၂) ရာခိုင်နှုန်းနှင့် ဆော်ဒီအာရေးဗီးယားသို့ (၁၈.၂)ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်အရ သိရှိရပါသည်။

အဆိုပါတိုးတက်မှုနှုန်းများသည် တရုတ်၏ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့သို့ ပို့ကုန် တိုးတက်မှုနှုန်း (၄.၃)ရာခိုင်နှုန်းနှင့် (၆.၁)ရာခိုင်နှုန်းတို့ထက် သိသိသာသာ ကျော်လွန်ခဲ့ကြောင်း သိရှိရပါသည်။

အဆက်မပြတ်ပြောင်းလဲနေသည့် ကမ္ဘာ့ကုန်သွယ်မှုအခင်းအကျင်းနှင့် ရင်ဆိုင်နေရသည့် အချိန်တွင် ထွန်းသစ်စစျေးကွက်သစ်များကို စဉ်ဆက်မပြတ် ရှာဖွေနေရမည်ဖြစ်ကြောင်း၊  အားက စားပစ္စည်းမျိုးစုံကို အထူးပြုထုတ်လုပ်သည့် ၎င်းတို့ကုမ္ပဏီသည် ယခင်က အမေရိကန်ဈေးကွက် ကို အာရုံစိုက်ခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း ကုမ္ပဏီ၏စျေးကွက်ချဲ့ထွင်မှုဗျူဟာကို အလေးအနက်ထား ပြင်ဆင်ခဲ့ပြီး Belt and Road Initiative တွင် ပါဝင်သည့်နိုင်ငံများကို စျေးကွက်ချဲ့ထွင်ရန်အတွက် အဓိကပစ်မှတ်များထားဆောင်ရွက်ခဲ့ကြောင်း Jiangsu ပြည်နယ် အခြေစိုက် Nantong Winner Sports Goods Co Ltd မှ အကြီးအကဲ Lu Xiaojie က ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် စျေးကွက်ဖွင့်ခြင်းနှင့် အရည်အသွေးပြည့်မီသော သွင်းကုန်များ တိုးချဲ့ခြင်းအပေါ် တန်းတူအလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ သွင်းကုန်သည် ၂၀၂၄ ခုနှစ်တွင် ယွမ် (၁၈) ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၄၉ ထရီလီယံ)သို့ စံချိန်တင်ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၂.၃)ရာခိုင်နှုန်း မြင့်တက်လာကာ (၁၆)နှစ်ဆက် တိုက် ကမ္ဘာ့ဒုတိယအကြီးဆုံး သွင်းကုန်ဈေးကွက်အဖြစ် ရပ်တည်နေကြောင်း တရုတ်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ကြီးမားကျယ်ပြန့်သော စျေးကွက်အရွယ်အစား၊ မတူကွဲပြားသော စားသုံး သူများ၏ ဝယ်လိုအားနှင့် ကြီးမားသော တိုးတက်မှုအလားအလာတို့သည် မပြောင်းလဲဘဲ ရှိနေရာ ထိရောက်သော သွင်းကုန်မူဝါဒများကို အကောင်အထည်ဖော်မည့် ကတိကဝတ်သည် သွင်းကုန် တိုးတက်မှုကို ဆက်လက် တွန်းအားပေးလျက်ရှိကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ He Yadong က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံသည် ၎င်း၏ကြီးမားသောပြည်တွင်းဈေးကွက်ကို မျှဝေသုံးစွဲသည့် ကမ္ဘာ့ စျေးကွက်အဖြစ် အသွင်ပြောင်းခြင်းသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရှိန်အဟုန် အသစ်ကို ဖော်ဆောင်ပေးခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.chinadaily.com.cn/a/202503/07/WS67ca466aa310c240449d9375.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News