International News

ထိုင်းနိုင်ငံ ပုဂ္ဂလိကကဏ္ဍက အရှေ့အလယ်ပိုင်းအခြေအနေများကို စောင့်ကြည့်လျက်ရှိ

Last Updated:

အစ္စရေးနှင့် ဟားမက်စ်တို့အကြား ပဋိပက္ခ အရှိန်မြှင့်တက်လာမှုအပေါ် စိုးရိမ်လျက်ရှိပြီး ကုန်သွယ်မှုတန်ဖိုး ဘတ် ၄၀ ဘီလီယံခန့်ရှိသော ထိုင်းနှင့် အစ္စရေးနှစ်နိုင်ငံကုန်သွယ်မှုအပေါ် သက်ရောက်လာနိုင်သည့် အလားအလာရှိ-မရှိ ထိုင်းလုပ်ငန်းရှင်များအနေဖြင့် စောင့်ကြည့်လျက်ရှိပါကြောင်း ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Sanan Angubolkul က ပြောကြားခဲ့ပါသည်။

ပဋိပက္ခအရှိန်မြှင့်တက်လာပါက အရှေ့အလယ်ပိုင်းရှိ နိုင်ငံများနှင့် ကုန်သွယ်မှုအပေါ် သက် ရောက်မှုရှိလာနိုင်ကြောင်း၊ ထိုင်းနိုင်ငံနှင့် အစ္စရေးနိုင်ငံအကြား ကုန်သွယ်မှုအပေါ် သိသိသာသာ သက် ရောက်မှုမရှိပါကြောင်း၊ ယခုနှစ် ပထမ ၈ လအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၈၅၇ သန်း (ဘတ် ၃၁.၈ ဘီလီယံ) ရှိကြောင်း၊ ၁ နှစ်ပတ်လုံး ကုန်သွယ်မှုသည် ဘတ် ၄၀ ဘီလီယံဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ကမ္ဘာ့ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း၏ ၀.၂-၀.၃ ရာခိုင်နှုန်းသာရှိကြောင်း၊ အစ္စရေးတွင် ထိုင်းနိုင်ငံသား အလုပ်လုပ်ကိုင်နေသူ ၃၀,၀၀၀ ခန့်ရှိကြောင်း၊ ထိုင်းနိုင်ငံသားများ ကယ် ထုတ်နိုင်ရေး အစိုးရမှ အစီအမံများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းက ဆက်လက်ပြောကြားပါ သည်။

အစ္စရေးနှင့် ဟားမက်စ်ပဋိပက္ခသည် ထိုင်းကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု နည်းပါးမည်ဟုမျှော်လင့်ပါကြောင်း၊ တတိယအဖွဲ့ အမျိုးသားအင်အားစုများ ပါဝင်ပတ်သက်မှုမရှိခင် မကြာသေးမီအချိန်အထိ ပဋိပက္ခသည် နှစ်ပေါင်း ၅၀ ကြာမြင့်နေပြီဖြစ်ပြီး အဖွဲ့ ၂ ခုတွင်သာ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး အနာဂတ်တွင် ပိုမိုကြီးထွားလာမည့် အရိပ်အယောင် မမြင်တွေ့ရပါကြောင်း၊ ထိုင်းနိုင်ငံသို့ တိုက်ရိုက်သက်‌ရောက်သည့်အချက်မှာ ယင်းဒေသရှိ ထိခိုက်မှုများ၊ သေဆုံးမှုများနှင့် အလုပ်အကိုင်မသေချာတော့သည့် အလုပ်သမားအင်အားစုများဖြစ်ကြောင်း၊ အစိုးရနှင့် နိုင်ငံ ခြား ဝန်ကြီးဌာနများအကြားပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ပါကြောင်း The University of Chamber of Commerce ၏ ဥက္ကဋ္ဌ Mr. Thanavath Phonvichai က ပြောကြားခဲ့ပါသည်။

သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ အနှောင့်အယှက်မရှိနေသေးပါကြောင်း၊ နိုင်ငံနယ်စပ်များကိုလည်း လုံးလုံးလျားလျား ပိတ်ဆို့ခြင်း မရှိသေးသဖြင့် ကုန်သွယ်ရေးအပေါ် သိသာစွာ သက်ရောက်မည်မဟုတ်ပါကြောင်း၊ မငြိမ်သက်မှုများကြောင့် အစ္စရေး၏ ကုန်စည်များဝယ်လိုအား မြင့်တက်လာနိုင်ကြောင်း၊ ခရီးသွားကဏ္ဍတွင် အစ္စရေးနိုင်ငံသား ၂၀၀,၀၀၀ ခန့်သည် နှစ်စဉ်ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ကြပါကြောင်း၊ တစ်ဦးချင်း၏ အသုံးစရိတ်သည် ခရီးစဉ်တစ်ခုလျှင် ဘတ် ၄၂,၀၀၀ ခန့်ဖြစ်သဖြင့် မမြင့်မားပါကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေးအပေါ် ကြီးကြီးမားမား သက် ရောက်မှုမရှိနိုင်ပါကြောင်း သုံးသပ်ထားပါသည်။

ပဋိပက္ခသည် ရှည်ကြာနေမည်ဆိုပါက ကမ္ဘာ့ဆီဈေးနှုန်းများ မြင့်တက်လာနိုင်ပြီး နိုင်ငံတွင်း ဆီဈေးနှုန်းအပေါ်တွင်လည်း သွယ်ဝိုက်သက်ရောက်နိုင်ပါကြောင်း၊ ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းအတက်အကျဖြစ်မည်ကို စိုးရိမ်လျက်ရှိပြီး စွမ်းအင်အရာရှိများအနေဖြင့် ဆီထောက်ပံ့မှုအပေါ် အနှောင့်အယှက်ဖြစ်နိုင်ချေကို စောင့်ကြည့်နေပါကြောင်း၊ ဆီကြွယ်ဝသော ဒေသတွင် ဖြစ်ပွားသဖြင့် ဆီဈေးနှုန်းမြင့်တက်လာမည်ကို စိုးရိမ်ပါကြောင်း၊ ကမ္ဘာ့ဆီထောက်ပံ့မှု၏ ၃၃ ရာခိုင်နှုန်းသည် အရှေ့အလယ်ပိုင်းဒေသဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သေချာမှုမရှိသေးသော အချိန်ကာလတွင် စွမ်းအင်ချွေတာရေးကို သတိပြုစေလိုကြောင်း စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Prasert Sinsukprasert က ဖြည့်စွက်ပြောကြားပါသည်။

ယခုအပတ်အတွင်း ရေနံစိမ်း ၁ စည်အပေါ် Brent ၏ ရည်ညွှန်းဈေးနှုန်းသည် အမေရိကန် ဒေါ်လာ ၇၈ နှင့် ၈၅ ကြားရှိနေချိန်တွင် West Texas Intermediate ၏ ရည်ညွှန်းဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၈၀-၈၇ တွင် ရှိစေရန်မျှော်လင့်ပါကြောင်း၊ ရေနံစိမ်းဈေးနှုန်း ကျဆင်းနိုင်ခြင်းမှာ အာဖရိကနှင့် တောင်အမေရိကတို့မှ ထောက်ပံ့ပေးခြင်းကြောင့်ဖြစ်ကြောင်း Thai Oil Plc မှ ခန့်မှန်း ထားပါသည်။

ပဋိပက္ခကြာမြင့်မှုကြောင့် ကမ္ဘာ့ဆီထောက်ပံ့မှုအပေါ် သက်ရောက်မှုမရှိသော်လည်း အာဏာပိုင်များအနေဖြင့် မဟာဗျူဟာကျသော အရန်ဆီအစီအစဉ်ကို ကြိုတင်စီစဉ်ထားရန် လိုအပ်ပါကြောင်း၊ ထိုင်းနိုင်ငံသို့ ထောက်ပံ့နေသော ဆီ ၅၇ ရာခိုင်နှုန်းသည် အရှေ့အလယ်ပိုင်းမှ တင်သွင်းရပါကြောင်း၊ နိုင်ငံ့အရန်ရေနံစိမ်းသည် လက်ရှိတွင် လီတာ ၃.၀၁ ဘီလီယံ ရှိပြီးလမ်းခရီးတွင် လီတာ ၁.၆၃ ဘီလီယံ သယ်ဆောင်လာနေဆဲဖြစ်ကြောင်း Mr. Prasert က ဖြည့်စွက်ပြောကြားပါသည်။

 

 

Source: www.bangkokpost. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News