ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှုကို ပိုမိုခိုင်မာရန်နှင့် ယခုနှစ် နှစ်ကုန်ပိုင်းတွင် ထိုင်းနိုင်ငံ၏ ဒီဂျစ်တယ်ငွေကြေးလက်ခံကျင့်သုံးမှုကို အဆင့်မြှင့်တင်ရန်အတွက် အခွန်ပြုပြင်ပြောင်းလဲမှုကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး H.E Mr. Pichai Chunhavajira က ကတိပြုပြောကြားခဲ့ပါသည်။
ဝန်ကြီးဌာန၏ မဟာဗျူဟာမှာ မက်လုံးများဖန်တီးပေးခြင်းနှင့် ဆွဲဆောင်နိုင်သော အစီအမံများကို အသုံးပြုခြင်းဖြင့် စီးပွားရေးလုပ်ငန်းမိတ်ဖက်များကိုမြှင့်တင်ရန်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်တွင် ဆွဲဆောင်မှုရှိသော အစီအမံများကို တောင်းဆိုမှုမြင့်တက်လာသောကြောင့် ယှဉ်ပြိုင်နိုင်မှုကို တိုးမြှင့်ရန် အခွန်စနစ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ရန်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်သော စီးပွားရေးလုပ်ငန်း တိုးတက်ရန်အတွက် ဝန်းကျင်တစ်ခု ဖန်တီးရာ၌ အရေးကြီးဆုံးမှာ ဘဏ္ဍာငွေရရှိနိုင်မှုဖြစ်ကြောင်း၊ ပုဂ္ဂလိကနှင့် အစိုးရဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းငယ်များကို ချေးငွေများ ထုတ်ချေးပေးရန် တွန်းအားပေးလိုကြောင်း၊ အစိုးရ၏ ဘဏ္ဍာငွေသည် အကန့်အသတ် ဖြစ်သဖြင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ပေးခြင်းဖြင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာစေရန် ကတိပေးလိုပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
အစိုးရအသုံးစရိတ်သည် ဘဏ္ဍာရေးနှင့် ငွေကြေးစည်းမျဉ်းများကို လိုက်နာရသဖြင့် ပြည်သူ့ကြွေးမြီကို စီမံခန့်ခွဲနိုင်သော သို့မဟုတ် လျှော့ချနိုင်သော ပမာဏ၌ ထိန်းထားစဉ်တွင် လိုငွေပမာဏသည် သင့်တော်ပြီး လက်ခံနိုင်သည့် ပမာဏတွင်ရှိရန် ထိန်းထားရပါကြောင်း၊ ကမ္ဘာ့အနှံ့ ပြောင်းလဲနေပြီး ဝယ်လိုအားခိုင်မာနေသော ဒီဂျစ်တယ် ငွေကြေးကို ထိုင်းနိုင်ငံအနေဖြင့် အဘယ်ကြောင့် မထွေးပွေ့သည်ကို မေးခွန်းထုတ်လိုကြောင်း၊ ဒီဂျစ်တယ်ဒင်္ဂါးပြား ၂၁ သန်းသည် လည်ပတ်လျက်ရှိပြီး အမေရိကန်ဒေါ်လာ ၂ ထရီလီယံရှိသော်လည်း ဒင်္ဂါးပြားများ၏ ၁၀ သန်းထက်နည်းသည့်ပမာဏသာ အရောင်းအဝယ်လုပ်နေပါကြောင်း၊ ယင်းသည် ကုဒ်များ၏ ထက်ဝက်ကျော်ကို မေ့လျော့သွားဖွယ်ရှိကြောင်း ညွှန်ပြလျက်ရှိပြီး ငွေလဲနိုင်သည့် ငွေဖြစ်လွယ်မှုတွင် ဒေါ်လာ ၁ ထရီလီယံ ကျန်ရစ်ခဲ့ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ဝယ်လိုအားကြီးထွားလာပြီး လက်ရှိ ပထဝီဝင်နိုင်ငံရေး ပြဿနာများကြောင့် ပြည်သူများသည် အခြားသောနည်းလမ်းအဖြစ် သမာရိုးကျငွေကြေးကို ရှာဖွေမှုမြင့်တက်လာလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ သည် လက်ရှိတွင် ဒီဂျစ်တယ်ငွေကြေးအတွက် ပြည့်ပြည့်ဝဝ စီစဉ်ထားမှု မရှိသော်လည်း နိုင်ငံအနေဖြင့် အလားအလာရှိသော အသုံးပြုသူများကို သတ်မှတ်ရန် ပလက်ဖောင်းတစ်ခုဖန်တီးခြင်းနှင့် ၎င်းတို့ လဲလှယ်ချိတ်ဆက်နိုင်သော ဈေးကွက်တစ်ခု ဖန်တီးပေးရန် ကြိုးစားလျက်ရှိပါကြောင်း၊ ဥပမာအားဖြင့် ခရီးသွားများ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာပါက ၎င်းတို့သည် ၎င်းတို့၏ ဒင်္ဂါးများကို ပြည်တွင်း ပလက်ဖောင်းတွင် အတည်ပြုရန် မှတ်ပုံတင်နိုင်မည်ဖြစ်ကြောင်း၊ ဝယ်ယူမှုဆောင်ရွက်ရာတွင်လည်း ဒင်္ဂါးများကို ၎င်းတို့ရွေးချယ်ထားသည့် ငွေလဲကောင်တာများမှတစ်ဆင့်ပေးချေနိုင်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
ရောင်းသူ၊ ဝယ်သူတို့သည် ၎င်းတို့အနေဖြင့် မည်သည့်ငွေကြေးအမျိုးအစားလက်ခံရရှိသည်ကို မသိနိုင်သော်လည်း ယင်းဒင်္ဂါးများသည် Application ထဲသို့ ရောက်ရှိသွားပြီး ဘတ်ငွေကြေးသို့ ပြောင်းလဲပေးမည်ဖြစ်ကြောင်း၊ ယခုနှစ်သည် ထိုင်းနိုင်ငံအတွက် အပြောင်းအလဲနှစ်တစ်ခုဖြစ်ကြောင်း၊ လွန်ခဲ့သော ဆယ်စုနှစ်တွင် ထိုင်းနိုင်ငံ၏ စီးပွားရေးအမှန်တကယ်တိုးတက်မှုသည် ၂ ရာခိုင်နှုန်းထက်နည်းခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ၂.၇ ရာခိုင်နှုန်းမှ ၂.၈ ရာခိုင်နှုန်းကြား တိုးတက်ခဲ့သဖြင့် သိသာသော အကောင်းအရွေ့တစ်ခုဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့အပါအဝင် အချို့သော အဖွဲ့အစည်းများ၏ ခန့်မှန်းချက်သည် ၃ ရာခိုင်နှုန်းအောက်နည်းသော်လည်း ယခုနှစ်အတွင်း တိုး တက်မှုသည် ၃ ရာခိုင်နှုန်းကို ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စားသုံးသူ ယုံကြည်မှုနှင့် ပုဂ္ဂလိက ကဏ္ဍစားသုံးမှုသည် အကောင်းလက္ခဏာပြပါကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း ဘတ် ၇၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ထုတ်ပြန်ထားကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။
အစိုးရအနေဖြင့်လည်းယှဉ်ပြိုင်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များလျှော့ချနိုင်ရန် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို တွန်းအားပေးလျက်ရှိကြောင်း၊ ကီလိုမီတာ ၂,၀၀၀ ပြေး ဆွဲမည့် နှစ်လမ်းသွားရထားလမ်း စီမံကိန်းနှင့် ဗန်ကောက်-နောင်ခိုင်လမ်းကြောင်းမှစတင်မည့် အမြန်ရထားလမ်းစီမံကိန်းတို့ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ခရီးသွားဦးရေ ၃၅ သန်းမှ ၃၆ သန်းထိဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် ၃၉.၈ သန်းထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ပထဝီဝင်နိုင်ငံရေးစိန်ခေါ်မှုများက နိုင်ငံစီးပွားရေးအတွက် ဆုံးရှုံးနိုင်ချေရှိသော်လည်း နည်းပညာကဲ့သို့သော upstream နယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုများ ရွှေ့ပြောင်းလာနိုင်သဖြင့် နိုင်ငံကို အကျိုးရှိစေမည်ဖြစ်ရာ အခွင့်အလမ်းလည်းရှိပါကြောင်း၊ သို့သော် အရင်းမတည်ပြောင်းရွှေ့လာရန်အတွက် upstream ကို ထောက်ကူပေးမည့် midstream နှင့် downstream ဖွံ့ဖြိုးနိုင်သည့် စွမ်းရည်ရှိရန် လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံ၏ လျှပ်စစ်မော်တော်ကားကဏ္ဍတွင် တရုတ်နိုင်ငံတစ်ခုတည်းသာမဟုတ်ဘဲ နိုင်ငံများစွာမှ ရင်းနှီးမြှုပ်နှံသူများရှိပါကြောင်း၊ လျှပ်စစ်မော်တော်ကားထုတ်လုပ်မှုတွင် အနှောင့်အယှက် တစ်စုံတစ်ရာမရှိပါက ထိုင်းနိုင်ငံကို ဒေသတွင်း လျှပ်စစ်မော်တော်ကားအချက်အချာဖြစ်စေမည်ဖြစ်ကြောင်း ဝန်ကြီး Mr. Pichai က သုံးသပ်ပြောကြားခဲ့ပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။