ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ကျားဂဏန်း ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာဌေးက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်းက ကျားကဏန်းပိဿာချိန် ၅၂၀၀၀ ထိသာ တင်ပို့ ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ကျားကဏန်းပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှ ကျားကဏန်းများကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများနေကြောင်း သိရသည်။ “ဖျာပုံမြို့နယ်က ထွက်တဲ့ ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ထဲကို ပုံမှန်တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ တစ်လအတွင်း ကျားကဏန်းပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့တဲ့ ကျားကဏန်းတွေက လတ်ဆက်မှုနဲ့ အရွယ်အစားအလေးချိန်အပေါ် မူတည်ပြီး ဈေးအပြောင်းအလဲရှိပါတယ်။ လက်ရှိမှာလဲ ကျားကဏန်းတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများနေပါတယ်။ ဒီဘက်က ကျားကဏန်းတွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကိုလဲ တင်ပို့ ရောင်းချနေပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာဌေးက ပြောပြသည်။ ဖျာပုံမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ကျားကဏန်းအရွယ်အစားလိုက် တစ်ပိဿာလျှင် ငွေကျပ် ၁၅၅၀၀ မှ ၃၃၅၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ကျားကဏန်းများ အရောင်းအဝယ်ကောင်းမွန်နေသည့်အတွက် ရေလုပ်သားများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှား လိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ