International News

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen သည် တရုတ်ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Pan Gongsheng နှင့် တွေ့ဆုံ၍ ကြွေးမြီဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမည်

Last Updated:

 အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen သည် တရုတ်ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Pan Gongsheng နှင့် တွေ့ဆုံ၍ ကြွေးမြီကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း bnn အွန်လိုင်း သတင်း၌ ၁၁-၁၀-၂၀၂၃ ရက်နေ့တွင် “U.S. Treasury Secretary Yellen to Discuss Debt Issues with Chinese Central Bank Chief Pan Gongsheng” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

မော်ရိုကိုနိုင်ငံ၊ Marrakech မြို့၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက် နေ့အထိ ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund – IMF) ၏ နှစ်ပတ်လည်အစည်းအဝေး၌ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen နှင့် တရုတ် ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Pan Gongsheng တို့တွေ့ဆုံ၍ ကြွေးမြီဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး သွားမည်ဖြစ်ပါသည်။ ကူးစက်ရောဂါကာလနောက်ပိုင်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီ ပြန်ဆပ်မှု အစီအစဉ်များ ပြန်လည်ရေးဆွဲလျက်ရှိသည်မှာ တိုးတက်မှုနှေးကွေးကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen က အသိအမှတ်ပြုပြီး ယခုဆွေးနွေးမှု၏ရလဒ်အဖြစ် စီးပွားရေးအရ စိန်ခေါ်မှုများသည့်နိုင်ငံများ၏ ကြွေးမြီပြန်ဆပ်မှုအစီအစဉ်များကို ပြန်လည်ရေးဆွဲ နိုင်မည်ဟုမျှော်လင့်ကြောင်း၊ ဤသို့ကြွေးမြီပြန်ဆပ်မှု အစီအစဉ်ပြန်လည်ရေးဆွဲခြင်းနှင့် ကြွေးမြီ လျော်ပေးခြင်းတို့တွင် တရုတ်၏အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်း၊ ထွန်းသစ်စနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ အများစု၏ မြီရှင်မှာတရုတ်ဖြစ်ပြီး ကြွေးမြီပြန်ဆပ်မှု အစီအစဉ်ပြန်လည်ရေးဆွဲနိုင်ခြင်းသည် နိုင်ငံအများစု၏ စီးပွားရေးအလားအလာအပေါ်များစွာ သက်ရောက်မှုရှိစေမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်ချုပ်ဆိုသည့် ကြွေးမြီစာချုပ်များသည် ပွင့်လင်းမြင်သာမှုနှင့် မျှတမှုမရှိသည့် စာချုပ်များဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen သည် တရုတ်ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Pan Gongsheng နှင့်တွေ့ဆုံစဉ် ကြွေးမြီစာချုပ်များ ပွင့်လင်းမြင်သာမှုရှိရေးနှင့် အခွင့်အရေးတန်းတူရှိသည့် ကြွေးမြီစီမံမှုအလေ့အကျင့်ကောင်းများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

ကူးစက်ရောဂါကာလအလွန် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ကြွေးမြီပြဿနာများကို အပြင်းအထန် ကြုံတွေ့ခဲ့ကြရသဖြင့်   အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ နှစ်ပတ်လည် အစည်း အဝေးတွင် ကြွေးမြီပြန်ဆပ်မှုအစီအစဉ် ပြန်လည်ရေးဆွဲနိုင်ပါက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးနလန်ပြန်ထူရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအတွက်လည်း ကြွေးမြီပြန်ဆပ်မှု အစီအစဉ်များကို ပြန်လည်ရေးဆွဲနိုင်မည်ဆိုပါက စီးပွားရေးအတွက် အခွင့်အလမ်းများစွာ ရှိနိုင်ကြောင်း သုံးသပ်ရရှိပါသည်။

 

 

( စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News