Local News

ပြည်ပသို့ဆန်တင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန်ငါးသိန်းခန့် လျော့ကျနေကြောင်းနှင့် ပြည်တွင်းဆန်ဈေး မြင့်တက်မှုကြောင့် ဆန်တင်ပို့မှုလျော့နည်းခြင်းဖြစ်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ပြောကြား

Last Updated:

လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန်ငါးသိန်းခန့် လျော့ကျနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က အောက်တိုဘာ ၁၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။ “ဆန်တင်ပို့မှုက ငါးသိန်းလောက် လျော့နေတယ်”ဟု ဦးရဲမင်းအောင်က ပြောကြားခဲ့သည်။ယင်းသို့ ပြည်ပဆန်တင်ပို့မှုလျော့နည်းခြင်းသည် ပြည်တွင်းဆန်စျေး မြင့်တက်မှု ကြောင့်ဖြစ်ကြောင်း ၎င်းင်းကဆိုသည်။ လက်ရှိတွင် မြန်မာနိုင်ငံမှဆန်ကို တရုတ်နှင့် အီးယူစျေးကွက်မှ အများဆုံးဝယ်ယူနေကြောင်းလည်း သိရသည်။ “ဒီနှစ်မှာ ဆန်တန်ချိန်နှစ်သန်းတင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်”ဟု ဦးရဲမင်းအောင်က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ဆန်တန်ချိန် ၄၉၂၆၀ ကျော်တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၁၀၁၉၀ ကျော်ဖြင့် အများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ ဒေါ်လာ ၂၇ ဒသမ ၀၅၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၄၉၂၆၀ ကျော် တင်ပို့ကြောင်းသိရသည်။

ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများ သို့ ဆန်တန်ချိန် ၃၃၄၉၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၁၀၁၉၀ ကျော် နှင့် အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၅၅၇၀ ကျော် တင်ပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အာရှနိုင်ငံများတွင် ဆန်တင်ပို့သောနိုင်ငံများမှာ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၁၇၇၀ ကျော်၊ မလေးရှားနိုင်ငံသို့ ဆန် တန်ချိန် ၁၁၃၉၀  ကျော်၊  ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၉၅၆၀ ကျော်၊ စင်ကာပူနိုင်ငံသို့ ဆန်၄၀၆ တန်ကျော်၊ ဟောင်ကောင်သို့ ဆန် ၂၃၀ ကျော်နှင့် ထိုင်ဝမ်သို့ ဆန်တန်ချိန် ၁၀၀ ကျော် တင်ပို့ခဲ့သည်။

Source: https://news-eleven.com

Category: Local News