International News

အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံအပေါ်ချမှတ်ထားသည့် ရေနံတင်ပို့မှုကန့်သတ်ပိတ်ဆို့မှုကို ရှောင်လွှဲရန် ကြိုးပမ်းလျက်ရှိ

Last Updated:

အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံအပေါ် ချမှတ်ထားသည့် ရေနံတင်ပို့မှု ကန့်သတ်ပိတ်ဆို့မှုကိုရှောင်လွှဲရန် ကြိုးပမ်းလျက်ရှိကြောင်း ၁၀-၁၀-၂၀၂၃ ရက်နေ့ထုတ် Wall Street Journal သတင်းစာတွင် “U.S. to Target Evasion Of Russia Oil Sanction” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံသည် ၎င်း၏မိတ်ဖက်များနှင့်အတူ ရုရှားနိုင်ငံ၏ ရေနံဈေးနှုန်းကို တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၀) ဖြင့် သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen က ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံသည် ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၀) ကျော် သည့်ဈေးနှုန်းဖြင့် ရက်သတ္တပတ်များစွာ ရောင်းချခဲ့ပြီး စက်တင်ဘာလနှောင်းပိုင်းတွင် ရေနံတစ်စည်လျှင် (၈၅) ဒေါ်လာအထိ မြင့်တက်သွားကြောင်း၊ ရေနံရောင်းချသည့်ကုမ္ပဏီများသည် အမြင့်ဆုံးဈေးနှုန်းအပေါ် လိမ်လည်ရောင်းချမှု ရှိ/မရှိ မေးခွန်း ထုတ်စရာဖြစ်လာခဲ့ကာ ဒီဇယ်ဆီကဲ့သို့သော သန့်စင်ရေနံဆီများ၏ ဈေးနှုန်းသည် အနောက်နိုင်ငံ များရှိ အမြင့်ဆုံးဈေးနှုန်းထက် ပိုမိုမြင့်တက်ခဲ့ကြောင်း၊ အမေရိကန်အနေဖြင့် အမြင့်ဆုံးဈေးနှုန်း သတ်မှတ်ရန် သေချာစွာလေ့လာလျက်ရှိပြီး ဈေးကွက်ရှိပါဝင်သူများ အထူးသဖြင့် စီးပွားရေး လုပ်ငန်းများက ထိုသို့ပါဝင်ပတ်သက်မှုကိုလေ့လာလျက်ရှိကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen က ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံမှ ရေနံဝယ်ယူသည့် စီးပွားရေးလုပ်ငန်းများ အနေဖြင့် ရေနံဝယ်ယူရာတွင် သတ်မှတ်ထားသည့် အမြင့်ဆုံးဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်ကာ လိုက်နာမှုမရှိပါက အမေရိကန်နှင့် မိတ်ဖက်နိုင်ငံများမှ ချမှတ်သည့်ပြစ်ဒဏ်ခံ ယူရမည် ဖြစ်သည်ကို တွေ့ရှိရပါသည်။

ရုရှားနိုင်ငံသည် ၎င်း၏ ရေနံစိမ်းနှင့် ရေနံထုတ်ကုန်အများစုကို အနောက်နိုင်ငံများ၏ အကူအညီဖြင့် ရောင်းချဆဲဖြစ်ကြောင်း၊ ၁-၁၀-၂၀၂၃ ရက်နေ့အထိ ရုရှားလောင်စာ တင်ပို့မှုတန်ဖိုး ပမာဏ အမေရိကန် ဒေါ်လာ (၄.၆၈)ဘီလီယံ (နှင့်ညီမျှသောယူရိုငွေ ၄.၄၄ ဘီလီယံ) အနက် (၃၇) ရာခိုင်နှုန်းကို ဥရောပနိုင်ငံများ (သို့မဟုတ်) ဒီမိုကရေစီနိုင်ငံကြီး (၇) နိုင်ငံအုပ်စုမှ ကုမ္ပဏီများ ပိုင်ဆိုင်သည့် သင်္ဘောများဖြင့် ပြောင်းရွှေ့ခြင်းနှင့် အာမခံထားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း၊ ရုရှားနိုင်ငံ ထုတ်ရေနံစိမ်း Urals ဈေးနှုန်းသည် ယခုနှစ်နွေရာသီတွင် တစ်စည်လျှင်အမေရိကန်ဒေါ်လာ (၆၀) ကျော်အထိ မြင့်တက်ခဲ့သဖြင့် ကုန်သည်များက အမေရိကန်နိုင်ငံ၏ ကြားဝင်မည့်အချိန်ကို စောင့်ကြည့်ခဲ့ကြောင်း၊ အမေရိကန်နှင့် ၎င်း၏မဟာမိတ် နိုင်ငံများသည် ယခုအချိန်အထိ ကန့်သတ်ပိတ်ဆို့မှုအပေါ် ချိုးဖောက်မှုများကို အရေးယူမှုမရှိသေးကြောင်း တွေ့ရှိရပါသည်။

ရုရှားနိုင်ငံထုတ်ရေနံစိမ်း Urals ဈေးနှုန်းကို အမြင့်ဆုံးသတ်မှတ်ချက်ထားခြင်းမှာ ရည်မှန်းချက် နှစ်ရပ်ရှိကြောင်း၊ ပထမရည်မှန်းချက်မှာ ရုရှားနိုင်ငံအနေဖြင့် ရေနံစိမ်းရောင်းချခြင်းကြောင့် ရရှိသည့်ဝင်ငွေ လျော့နည်းအောင်ဆောင်ရွက်ခြင်းဖြစ်ပြီး ဒုတိယရည်ရွယ်ချက်မှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်-ဩဂုတ်လများတွင် ကမ္ဘာ့ရေနံ ဈေးနှုန်းမြင့်တက်ခြင်းကြောင့် အမေရိကန်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဖူလုံရေး ပန်းတိုင်ကို ထိခိုက်စေခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် စက်မှုလုပ်ငန်းများကို ပြင်းပြင်းထန်ထန်အရေးယူရန် စိုးရိမ်လျက်ကြောင်း၊ အဓိကရေနံဖြန့်ဖြူး ရောင်းချသူကို ဖြတ်တောက်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေမည် ဖြစ်ကြောင်းဖြင့် ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံ၏ ရေနံစိမ်းဈေးနှုန်းသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်းမှစ၍ မြင့်တက်လာခဲ့ပြီး စွမ်းအင်လိုအပ်ချက်ရှိလာခဲ့ကာ နိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု အတွက် သတ်မှတ်ထားသည့် အရန်ပမာဏ (Reserve) ကျော်လွန်ပါက နောက်ထပ်ထုတ်လုပ်နိုင်မည် မဟုတ်သဖြင့် ရုရှားနိုင်ငံ၏ ရေနံဈေးနှုန်းသတ်မှတ်ချက်ကို ကန့်သတ်ရန်ကြိုးပမ်း ခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

 

Category: International News