International News

ဂျာမနီ၏ စီးပွားရေးကျဆင်းမှုသည် ပိုမိုဆိုးရွားသည့်ဘက်သို့ ဦးတည်နေခဲ့ကြောင်း IMF က ပြောကြား

Last Updated:

ဂျာမနီသည် ယခင်က ခန့်မှန်းထားသည်ထက် ပိုမိုဆိုးရွားသော စီးပွားရေးကျဆင်းမှုဒဏ်ကို ခံစားနေရသည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၁၀-၁၀-၂၀၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဥရောပ၏အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီသည် အမြင့်မားဆုံး စက်မှုနိုင်ငံများအစုအဖွဲ့ (G7) တွင် ၂၀၂၃ခုနှစ်အတွက် စီးပွားရေးတိုးတက်နိုင်ဖွယ် မရှိတော့သည့် တစ်ခုတည်းသော နိုင်ငံဖြစ် လာမည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားပါသည်။

ငွေကြေးဖောင်းပွမှုမြင့်မားခြင်းနှင့် ကုန်ထုတ်လုပ်မှုကျဆင်းခြင်းတို့ကြောင့် ယခုနှစ်တွင် ဂျာမနီ၏ စီးပွားရေးသည် ၀.၅ ရာခိုင်နှုန်းခန့် ကျုံ့သွားနိုင်ဖွယ်ရှိကြောင်း၊ ဝါရှင်တန်အခြေစိုက် ငွေထုတ်ချေးသူများကလည်း ဂျာမန်စီးပွားရေးအား ပြီးခဲ့သည့် ဇူလိုင်လတွင် ၀.၃ ရာခိုင်နှုန်း ကျဆင်းမည်ဟုခန့်မှန်းထားခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်းတို့၏သုံးသပ်ချက်အမြင်တွင် ဂျာမနီသည် အတိုးနှုန်း နှင့်အတူ လိုက်ပါပြောင်းလဲနေသော ထိလွယ်ရှလွယ်ကဏ္ဍများတွင် အားနည်းမှုများရှိနေခြင်းနှင့် ကုန်သွယ်ဖက်များ၏ ဝယ်လိုအားနှေးကွေးလာခြင်းတို့အပါအဝင် အတားအဆီးများစွာကို ရင်ဆိုင်နေရကြောင်း IMF က ပြောကြားခဲ့သည်။

ဂျာမနီ၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ပြန်လည်နာလန်ထူလာနိုင်မည့် လမ်းကြောင်းပေါ်တွင် ရှိနေပြီဖြစ်သော်လည်း ကြိုတင်ခန့်မှန်းထားခဲ့သည့် စီးပွားရေးတိုးတက်မှုနှုန်း ၁.၃ ရာခိုင်နှုန်းထက် ဆိုးရွားနေခဲ့ကာ ၀.၉ ရာခိုင်နှုန်းခန့်သာ တိုးတက်လာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားခဲ့ကြောင်း IMF က ဆက်လက်ပြောကြားခဲ့သည်။

ယူရိုဇုန်၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းထက် ကျော်လွန်နေသဖြင့် ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက်  အားထည့် ကြိုးပမ်းရုန်းကန်နေရသော G7 အဖွဲ့ဝင်ဖြစ်သည့် အီတလီသည် ၎င်း၏ စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကို ၀.၄ ရာခိုင်နှုန်းအထိ လျှော့ချခန့်မှန်းထားရာမှ ၀.၇ ရာခိုင်နှုန်းအထိ ပြန်လည်ပြင်ဆင် ခန့်မှန်းခဲ့သည်ကိုတွေ့ရှိခဲ့ရသည်။

ယူရိုဇုန်၏ ငွေကြေးအမျိုးအစားတစ်ခုတည်းကိုသာ အသုံးပြုသော ဧရိယာတစ်လျှောက်တွင်  IMF က ၎င်း၏ ၂၀၂၃ ခုနှစ်အတွက် တိုးတက်မှုနှုန်းခန့်မှန်းချက်ကို ၀.၇ ရာခိုင်နှုန်းသို့ အနည်းငယ်လျှော့ချခဲ့သည်။

သို့သော်လည်း G20 အုပ်စု၏ ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော ပြင်သစ်နိုင်ငံအတွက် သတင်းကောင်းတစ်ခုမှာ စက်မှုကဏ္ဍမှ ထုတ်လုပ်မှုနှင့် ပြင်ပမှ ဝယ်လိုအားကောင်းမွန်လာမှု တို့ကြောင့် ၂၀၂၃ ခုနှစ်အတွက် IMF က ယခင်ခန့်မှန်းထားခဲ့သော တိုးတက်မှုနှုန်း ၀.၈ ရာခိုင်နှုန်းကို ကျော်လွန်၍   ၁ ရာခိုင်နှုန်းအထိရှိလာလိမ့်မည်ဟု ပြင်ဆင်ခန့်မှန်းနိုင်ခဲ့ပါသည်။

ဂျာမနီသည် ၎င်း၏ ခိုင်မာသောကုန်ထုတ်လုပ်မှုကဏ္ဍအတွက် လိုအပ်သော စွမ်းအင်ကို ယခင်က ရုရှား၏ ထောက်ပံ့မှုအပေါ် မှီခိုနေခဲ့ရာမှ  ယခုအချိန်တွင် ရုရှားထံမှ စွမ်းအင်မရရှိတော့ခြင်းနှင့် တစ်ဖက်တွင်လည်း တင်းကျပ်သော ငွေကြေးမူဝါဒနှင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံမှုအားနည်းသွားခဲ့ခြင်းစသည့် အလွန်အားကောင်းသောအင်အားစု (၂)ရပ် သည် ဂျာမန်စီးပွားရေးအပေါ် များစွာ ထိခိုက်နစ်နာစေခဲ့ကြောင်း IMF ၏ ဘောဂဗေဒ ပညာရှင်  Pierre-Olivier Gourinchas က ပြောကြားခဲ့သည်။

ထို့ပြင် ဂျာမနီသည် သက်ကြီးရွယ်အို လူ့အဖွဲ့အစည်းနှင့် ကျွမ်းကျင်လုပ်သားများ ရှားပါးမှုကဲ့သို့သော ရေရှည်ပြဿနာများနှင့်လည်း ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါသည်။

 

 

Source :         https://www.dw.com/en/germany-headed-for-deeper-recession-imf- says/a-67049892

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: International News