Local News

မအူပင်မြို့နယ်တွင် ပဲလွမ်းဖြူ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၉၆၀၀၀ ထိ ဈေးကောင်းရရှိလာ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် ပဲလွမ်းဖြူ ၂၄ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၉၆၀၀၀ ထိ ဈေးကောင်းရရှိလာကြောင်း မအူပင်မြို့နယ်မှလယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုလှိုင်က ပြောပြ၍ သိရသည်။

မအူပင်မြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလက ပဲလွမ်းဖြူ ၂၄ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၈၁၀၀၀ ထိသာ ဈေးရှိခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ယနေ့(အောက်တိုဘာလ ၁၂)ရက်နေ့ထိ ပဲလွမ်းဖြူ ၂၄ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၉၆၀၀၀ ထိဈေးကောင်းရရှိလာကြောင်း၊ ထိုသို့ဈေးကောင်းရရှိလာခြင်းသည် ဒေသထွက်ပဲလွမ်းဖြူများကို ရန်ကုန်ဘက်က ဝယ်ယူအားကောင်းလာပြီး အထွက်နှုန်းနည်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ဒေသထွက်ကုန်ပဲလွမ်းဖြူတွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကပါ အဝယ်လိုက်နေပါတယ်။ သိသိသာသာကို အဝယ်လိုက်လာတာပါ။ အခု အဝယ်လိုက်နေတဲ့အပြင် ဈေးကောင်းလဲရရှိလာပါတယ်။ ပြီးခဲ့တဲ့လတွေကနဲ့စာရင် ၂၄ ပြည်ဝင်တစ်အိတ်ကို ငွေကျပ် ၁၅၀၀၀ ထိ ဈေးပိုရနေပါတယ်။ ပဲဈေးတွေက အခုထက်ကောင်းလာဖို့ပဲရှိပါတယ်။ ဒေသထွက်ပဲလွမ်းဖြူတွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေတာပါ။ ပဲအထွက်နည်းလာတာနဲ့ အဝယ်လိုက်နေတာကြောင့် ဈေးကောင်းရရှိနေတာပါ” ဟု မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုလှိုင်က ပြောပြသည်။

မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ဒေသထွက်လယ်ယာထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ပဲလွမ်းဖြူအပြင် မတ်ပဲ၊ ပဲတီစိမ်း၊ ပြောင်းနှင့် စပါး၊ ဆန်၊ ရာသီထွက်ကုန်များကို တင်ပို့ရောင်းချလကျ်ရှိကြောင်း ဒေါ်စုစုလှိုင်က ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News