International News

အယ်နီညိုမုန်တိုင်းဝင်ရောက်စေကာမူ နိုင်ငံတွင်း ဆန်လုံလောက်မှုရှိကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှပြောကြား

Last Updated:

၂၀၂၃ ခုနှစ်နောက်ပိုင်းကာလများအတွင်း အယ်နီညို၏ မုန်တိုင်းဝင်ရောက်စေကာမူ ပြည်တွင်းဆန်စပါးလိုအပ်ချက်အတွက်လုံလောက်မှုရှိကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှပြောကြားခဲ့ပါသည်။ စိုက်ပျိုးရေးဌာနမှထုတ်ပြန်သည့် စာရင်းဇယားများအရ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွက် ဆန်ထုတ်လုပ်ရောင်းချနိုင်မှုမှာ မက်ထရစ်တန် ၉.၁၀၉ သန်းရှိကြောင်း သိရှိရပြီး အဆိုပါပမာဏတွင် ယခင်နှစ် ဆန်လက်ကျန် မက်ထရစ်တန် ၁.၈၅၀ သန်း၊ ပြည်တွင်းထုတ်လုပ်မှု မက်ထရစ်တန် ၅.၁၉၇ သန်းနှင့် ဆန်တင်သွင်းမှု မက်ထရစ်တန် ၂.၀၆၂ သန်းပါဝင်ပါသည်။ ပြည်တွင်းဆန် ဝယ်လိုအားမှာ မက်ထရစ် တန် ၆.၉၉၀ သန်းခန့် ရှိနိုင်ကြောင်း ခန့်မှန်းရရှိပါသည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွက် ဆန်လက်ကျန်တန်ချိန် ၂.၁၉၉ သန်း မက်ထရစ် တန်ရှိပြီး (၅၇)ရက်ထိ လုံလောက်ဖွယ်ရှိကြောင်း၊ အဆိုပါပမာဏတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ဩဂုတ်လ ထုတ်လုပ်မှုနှင့် ၂၀၂၃ ခုနှစ်၊ ဇွန်လနောက်ပိုင်းကာလများအတွင်း ဆန်တင်သွင်းမှုမှ ရောက်ရှိလာမည့် ပမာဏများ မပါဝင်သေးကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှ Philippines News Agency သတင်းဌာနသို့  ပြောကြားခဲ့ပါသည်။ အဆိုပါ ပမာဏနှစ်ခုအား ထည့်သွင်းတွက်ချက်မည်ဆိုပါက ၂၀၂၃ ခုနှစ်တွင် သာမက ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကာလအထိ ပြည်တွင်းဆန်လုံလောက်မှုရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်ကာလအတွက် တွက်ချက်မှုမှာ Philippines Rice Information System (PRiSM)-remote sensing အရ လက်ရှိ ဆန်ထုတ်လုပ်နိုင်မှု ပမာဏနှင့် ယခင်နှစ်အလားတူ ကာလတွင် ထုတ်လုပ်နိုင်ခဲ့မှုအခြေအနေတို့အား  အခြေခံတွက်ချက်ထားပြီး အတွေ့အကြုံများအရ ရိတ်သိမ်းချိန်တွင် ရာသီဥတုကောင်းမွန်နိုင်မည်ဟု ခန့်မှန်းရရှိသဖြင့် ၂၀၂၃ ခုနှစ်တွင် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း မျှော်မှန်းထားပါကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

အယ်နီညိုရိုက်ခတ်မှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ လျော့နည်းသက်သာစေရန် လိုအပ်သည့်အစီအမံများကို ကြိုတင်ပြင်ဆင်ထားပြီးစိုက်ပျိုးချိန်ရာသီချိန်ညှိခြင်း၊ ရေသွင်းမြောင်းများပြန်လည်ပြုပြင်ခြင်းနှင့် ရေစုတ်စက်များထောက်ပံ့ပေးခြင်းတို့ပါဝင်ကြောင်း ဖော်ပြပါရှိပါသည်။

 

 

Source: https://www.pna.gov.ph/articles/1201456

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News