International News

ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး စတုတ္ထအင်အားအကြီးဆုံး နိုင်ငံအဖြစ် အဆင့်လျော့ကျသွားခဲ့

Last Updated:

  ၂၀၂၃ ခုနှစ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဆိုင်ရာ နောက်ဆုံးထုတ်ပြန်ခဲ့သည့် အချက် အလက်များအရ ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ ကမ္ဘာ့စတုတ္ထအဆင့်သို့ အဆင့်လျော့ကျခဲ့ကြောင်းနှင့် ထိုသို့ဖြစ်ရခြင်းမှာ ဂျပန်နိုင်ငံတွင် ယန်းငွေတန်ဖိုးကျဆင်းခြင်းနှင့်သက်ကြီးရွယ်အိုဦးရေ များပြား လာပြီး ကုန်ထုတ်လုပ်မှု ကျဆင်းခဲ့ပါသည်။

  အဆိုပါ သတင်းတွင် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထ ၃ လပတ်ကာလအတွင်း ၁.၂ ရာခိုင်နှုန်းရှိခဲ့ကြောင်းနှင့် ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာဖြင့် ကြည့်မည်ဆိုပါက ဂျာမနီနိုင်ငံ အောက်သို့ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

  ဂျပန်နိုင်ငံ၏ GDP မှာ ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆.၃ ထရီလီယံရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၂ ထရီလီယံသို့ လျော့ကျခဲ့ကြောင်း နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၏ ထုတ်ပြန်ချက်အရသိရှိရကြောင်း၊ ဂျပန်နိုင်ငံ၏ ယန်းငွေ တန်ဖိုးမှာ အမေရိကန် ၁ ဒေါ်လာလျှင် ယန်း ၈၀ ရှိခဲ့ရာမှ ၂၀၂၃ ဘဏ္ဍာနှစ်တွင် ၁၄၁ ယန်းအထိ တန်ဖိုးကျဆင်းခဲ့ ကြောင်း ဖော်ပြထားပါသည်။

   ထို့ပြင် အိန္ဒိယနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ဂျပန်နိုင်ငံကို ၂၀၂၆ ခုနှစ်တွင် လည်းကောင်း၊ ဂျာမနီနိုင်ငံကို ၂၀၂၇ ခုနှစ်တွင်လည်းကောင်း ကျော်လွန်သွားနိုင်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ လူဦးရေသည် တရုတ်နိုင်ငံကို ကျော်လွန်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံတွင် အသက် ၁၅ နှစ်နှင့် ၆၄ နှစ်ကြားလူဦးရေမှာ နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံကျော်ရှိသည့်အတွက် ကုန်ထုတ်လုပ်မှုများ ပိုမိုထုတ်လုပ်နိုင်ပြီး၊နည်းပညာတီထွင်ဆန်းသစ်မှုများလည်း ပိုမိုဆောင်ရွက်လာနိုင်သည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာလည်း ဆက်လက်မြင့်တက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

    ဂျပန်နိုင်ငံအနေဖြင့်လည်း နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုအတွက် အရေးပါသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာ ရရှိထားနိုင်ရေးနှင့် ကုန်ထုတ် လုပ်မှုများ မြှင့်တင်နိုင်ရေးအတွက် အစိုးရမှ ပံ့ပိုးထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် လက်ရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်နိုင်မှု၏ ၃ ဆ ဖြစ်သော ယန်း ၁၅ ထရီလီယံ ကျော် တန်ဖိုးရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ၂၀၃၀ ပြည့်နှစ်တွင် ပြည်တွင်း၌ ထုတ်လုပ်ရောင်းချနိုင်ရေးကို ကာလရှည်မျှော်မှန်းချက်အနေဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြထားပါသည်။

    နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ၁၄-၂-၂၀၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံ၏ Nominal GDP မှာ အမေရိကန်ဒေါ်လာ ၂၇.၉၇ ထရီလီယံ၊ တရုတ်နိုင်ငံ၏ Nominal GDP မှာ အမေရိကန်ဒေါ်လာ ၁၈.၅၆ ထရီလီယံ၊ ဂျာမနီနိုင်ငံ၏ Nominal GDP မှာ ၄.၇ ထရီလီယံနှင့် ဂျပန်နိုင်ငံ၏ Nominal GDP မှာ အမေရိကန်ဒေါ်လာ ၄.၂၉ ထရီလီယံ ရှိကြောင်း လေ့လာသုံးသပ်ရပါသည်။

 

 

Source: The Japan Times 

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News