International News

ဗီယက်နမ်နိုင်ငံ ဟာလောင်းမြို့တွင် နဂါးနှစ်၌ ပထမဆုံး နိုင်ငံတကာ အပျော်စီးသင်္ဘောကို ကြိုဆို

Last Updated:

တရုတ်နိုင်ငံ မှ Zhao Shang Yi Dun အမည်ရှိ အပျော်စီးသင်္ဘောတစ်စင်းသည် ခရီးသည် ၆၀၀ ခန့် တင်ဆောင်လာကာ Quang Ninh ပြည်နယ် Ha Long International Cruise ဆိပ်ကမ်းသို့ နှစ်သစ်ကူးပွဲတော်၏ (၄) ရက်မြောက်နေ့တွင် ရောက်ရှိခဲ့ကြောင်း VN Express International အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

၎င်းသည် နဂါးနှစ်အတွင်း ပထမဦးဆုံးဆိုက်ရောက်သည့် နိုင်ငံတကာ အပျော်စီးသင်္ဘောဖြစ်ကြောင်း၊ ကမ္ဘာလှည့်ခရီးသည်များသည် HaLong Bay သို့ သွားရောက်လည်ပတ်ခဲ့ပြီး ဒေသတန္တရယဉ်ကျေးမှုနှင့် အစားအစာများနှင့် ပတ်သက်၍ လေ့လာခဲ့ကြောင်း၊ Quang Ninh ပြတိုက်နှင့် Ha Long မြို့ရှိ အထင်ကရနေရာအချို့တို့သို့ လည်ပတ်ခဲ့ကြောင်းသိရှိရပါသည်။

အပျော်စီးသင်္ဘောသည် Shenzhen - Ha Long လမ်းကြောင်းကို ပြီးခဲ့သော နိုဝင်ဘာလအတွင်း ပြေးဆွဲခဲ့ပြီး တစ်လလျှင် ပျမ်းမျှအကြိမ်ရေ (၄) ကြိမ်ခန့် ပြေးဆွဲသွားမည်ဖြစ်သည်။

မှတ်ပုံတင်ထားသည့်စာရင်းများအရ ဖေဖော်ဝါရီလ ၂၀ ရက်နှင့် ၂၇ ရက်တို့တွင် ခရီးသွားများကို ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်ပြီး ယခုလကုန်အထိ Quang Ninh သို့ ခရီးသည် ၁၂၀၀၀ ကျော် ပို့ဆောင်ပေးမည်ဖြစ်သည်။

Ha Long သို့ ဆိုက်ကပ်ရန် စာရင်းသွင်းထားသည့် အပျော်စီးသင်္ဘော ၆၀ နီးပါးရှိရာ ပင်လယ်ရေကြောင်းမှ Ha Long သို့လာရောက်သည့် ခရီးသွားဦးရေ ပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်းထားသည်။

နှစ်သစ်ကူးကာလ၏ ပထမ (၃) ရက်ဖြစ်သည့် (ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၂ ရက်) အတွင်း Ha Long ပင်လယ်အော်သို့ သင်္ဘော ၃၃၆ စင်းဖြင့် ခရီးသွားဧည့်သည် ၁၁,၀၀၀ နီးပါး ရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂.၅ ဆနီးပါး တိုးမြင့်လာခဲ့ကြောင်း ဖော်ပြထားသည်။

 

 

Source : VN Express International

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News