International News

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ပထမ (၅) လအတွင်း တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၇.၄ သန်း ရရှိခဲ့

Last Updated:

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ပထမ(၅) လအတွင်း တရုတ်နိုင်ငံသို့ ဆန် (၁၁၈,၀၄၁) တန် တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ (၇၇.၄) သန်း ရရှိခဲ့ကြောင်း ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (Cambodia Rice Federation -CRF)၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားဆန်များအတွက် အဓိကပို့ကုန်စျေးကွက်ဖြစ်ပြီး ကမ္ဘောဒီးယားမှ ဆန်တင်ပို့မှု စုစုပေါင်း၏ (၄၂.၄၃) ရာခိုင်နှုန်း (၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း)ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ကြီးမားသော ဈေးကွက်တစ်ခုဖြစ်ပြီး နှစ်စဉ် ဆန်တန်ချိန် (၄၀၀,၀၀၀) ရောင်းချနိုင်ရေးအတွက် ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ်သည် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု CRF ၏ ဥက္ကဋ္ဌ Chan Sokheang က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမငါးလအတွင်း နိုင်ငံနှင့် ဒေသပေါင်း (၅၀) သို့ ဆန် (၂၇၈,၁၈၄) တန် တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၉၁.၆) သန်း ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။ တင်ပို့သည့်ဆန်အမျိုးအစားများတွင် premium aromatic rice၊ fragrant rice၊ long grain white rice ၊ parboiled rice နှင့် organic rice တို့ပါဝင်ကြောင်း သိရှိရပါသည်။

ထို့အပြင် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘောဒီးယားဆန်များအတွက် စျေးကွက်သစ်တစ်ခုဖြစ်ပြီး မေလတွင် ပမာဏအမြောက်အများကို ပထမဆုံးအကြိမ်တင်ပို့မှုအဖြစ် ဆန်တန်ချိန် (၂,၅၇၅) ကို ဖိလစ်ပိုင်သို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

 

Source: www.china.org.cn/world/Off_the_Wire/2023-06/08/content_86734714.htm

(စီးပွားရေးသံမှူး၊ နန်နင်း)

Category: International News