Local News

မအူပင်မြို့နယ်တွင် ပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၂၄၀၀၀၀၀ ထိ ဈေးကောင်းရရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် ပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၂၄၀၀၀၀၀ ထိ ဈေး‌ကောင်းရရှိနေကြောင်း မအူပင်မြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်ဝင်းက ပြောပြ၍ သိရသည်။

မအူပင်မြို့နယ်တွင် ဩဂုတ်လနှင့် စက်တင်ဘာလက ပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၂၁၁၀၀၀၀ ထိသာ ဈေးရှိခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ (အောက်တိုဘာလ ၁၃) ရက်နေ့ထိ ပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၂၄၀၀၀၀၀ ထိဈေးကောင်းရရှိလာကြောင်း၊ အဆိုပါ ပေါ်ဆန်းစပါး ဈေးကောင်းလာခြင်းသည် ပေါ်ဆန်းစပါး လက်ကျန်နည်းနေခြင်းနှင့် စပါးအသစ်မပေါ်သေးခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“အခု ပေါ်ဆန်းစပါးတွေ ဈေးကောင်ရရှိနေတာက လက်ကျန်စပါးတွေနည်းနေတာနဲ့ စပါးအသစ်မပေါ်သေးတာကြောင့်ပါ။ ရန်ကုန်ဘက်က စပါးတွေ ဝယ်ယူမှုအားကောင်းနေသလို ဈေးကောင်းလဲပေးနေပါတယ်။ လက်ရှိပေါ်ဆန်းစပါးတင်း ၁၀၀ ကို ငွေကျပ် ၂၄၀၀၀၀၀ ထိ ဈေးကောင်းရရှိနေပါတယ်။ လက်ရှိပြည်တွင်း ဈေးကွက်မှာ ပေါ်ဆန်းစပါးက ဝယ်ယူမှုအားကောင်းနေပါတယ်။ လက်ကျန်စပါး အဟောင်းတွေပါ။ ဒီကနေ တင်ပို့တဲ့စပါးတွေက အရည်အသွေးကောင်းတော့ ဈေးကောင်းရရှိပါတယ်။ စပါးဈေးကောင်းရရှိတော့ တောင်သူအပါအဝင်  လုပ်သားတွေပါ အဆင်ပြေပါတယ်” ဟု မအူပင်မြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်ဝင်းက ပြောပြသည်။

မအူပင်မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဆန်နှင့်စပါးများကို ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချနေကြောင်း၊ ပေါ်ဆန်းစပါး ဈေးကောင်းရရှိလာသည့်အတွက် နွေစပါးဝယ်ယူသိုလှောင်သူများ၊ ကုန်သည်များ၊ စပါးသိုလှောင်ထားသည့် တောင်သူများ၊ ကုန်တင်ကား အငှားလိုက်သူများ၊ လုပ်သားများ အဆင်ပြေလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News