International News

ကြက်သွန်နီလက်လီဈေးနှုန်းအား သင့်တင့်မျှတမှုရှိစေရန် ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှ စောင့်ကြည့်လျက်ရှိ

Last Updated:

ကြက်သွန်နီဈေးနှုန်းအား သင့်တင့်မျှတမှုရှိစေရန် (Suggested Retail Price- SRP) အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေအား အစိုးရမှ စောင့်ကြည့်လျက်ရှိကြောင်း စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူမှပြောကြားခဲ့ပါသည်။ ကြက်သွန်နီစိုက်ပျိုးသူ တောင်သူလယ်သမားများအုပ်စု Samahang Industriyang Agrikultura (SINAG) နှင့် အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် ပြည်တွင်းမှကြက်သွန်နီ ရောင်းချ နိုင်မှုအခြေအနေနှင့်ထုတ်လုပ်မှုကုန်ကျစရိတ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

ယနေ့အစည်းအဝေးတွင် ဈေးကွက်အတွင်း ကြက်သွန်နီလက်လီဈေးနှုန်းအား တစ်ကီလိုလျှင် ပီဆို ၁၇၀ မှ ပီဆို ၂၀၀ ကြား ဈေးနှုန်းမြင့်တက်နေသည့်ကိစ္စအား ဆွေးနွေးလို၍ သက်ဆိုင်ရာတာဝန်ရှိသူများအား ဖိတ်ကြားထားခြင်းဖြစ်ပါကြောင်း၊ ထို့ပြင်ကြက်သွန်နီလက်လီဈေးနှုန်းအား သင့်တင့်မျှတစေရန် တစ်ကီလိုလျှင် ပီဆို ၁၅၀ ဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေနှင့် ကြက်သွန်နီတင်သွင်းမှု အခြေအနေ တို့နှင့် စပ်လျဉ်း၍လည်း တောင်သူများနှင့် စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူများအကြား ဆွေးနွေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ကြက်သွန်နီဈေးနှုန်းအတွက် သင့်တင့်မျှတမှုရှိစေရေးမဆုံးဖြတ်မီ မိမိတို့သတ်မှတ်မည့် ဈေးနှုန်းသည် အမှန်တကယ်သင့်တော်မှုရှိ/မရှိ၊ ကြက်သွန်နီကုန်သည်များနှင့် တောင်သူတိုက်ရိုက်ဈေးနှုန်းအပေါ် ကုန်ကျစရိတ်ကာမိခြင်းရှိ/မရှိ ဦးစွာဆွေးနွေးရမည် ဖြစ်ပါကြောင်းနှင့် တစ်ကီလိုလျှင် ပီဆို ၁၅၀ သည် ကုန်သည်များနှင့်တောင်သူများအတွက် အကျိုးအမြတ်ကျန်ရှိစေရန်လိုအပ်ပါကြောင်း စိုက်ပျိုးရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Kristine Evangelista မှ ထည့်သွင်းပြောကြားခဲ့ပါသည်။

SRP အကောင်အထည်ဖော်ရာတွင် ယခင်ကလည်း သင့်တော်သည့်ဈေးနှုန်းဖြစ်စေရန်နှင့် ဈေးနှုန်းသတ်မှတ်ခြင်း လမ်းညွှန်ချက်တို့ကို တစ်ချိန်တည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ကြက်သွန်နီ သိုလှောင်ထားသည့် လက်ကျန်ရှိပါက အအေးခန်းတွင်သိုလှောင်ထားရှိနိုင်သည့်  ကြက်သွန်နီ အဝင်/ အထွက်စာရင်းအား အဆုံးအဖြတ်ပေးနိုင်ရန် စိုက်ပျိုးရေးဌာနအနေဖြင့်အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် ဈေးနှုန်းအတည်ပြုရေးအဖွဲ့တို့နှင့် ပူးပေါင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တောင်သူများအနေဖြင့် ကြက်သွန်နီစိုက်ပျိုးရိတ်သိမ်းချိန် ကုန်ဆုံးပြီဖြစ်ပြီး ထွက်ရှိသည့် ပမာဏများအား ကုန်သည်များထံ ရောင်းချပြီးဖြစ်သည့်အတွက် ဈေးနှုန်းသတ်မှတ်ခြင်းသည် ပြဿနာ တစ်ခုဖြစ်လာနိုင်ပါကြောင်း၊ ကုန်သည်များမှ တောင်သူများထံမှ အနိမ့်ဈေးဖြင့်ဝယ်ယူပြီး ဈေးကွက်တွင်အမြင့်ဈေးဖြင့် ရောင်းချမည်ဆိုပါက တောင်သူများအနေဖြင့် မကျေနပ်ချက်များ ရှိလာနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့်အအေးခန်းသိုလှောင်ထားရန်ပမာဏနှင့်ဈေးကွက်ထဲသို့ရောင်းချမည့်ပမာဏတို့အား စောင့်ကြည့်သွားရန်လိုအပ်ပါကြောင်းဆွေးနွေးပြောကြားခဲ့ပြီးစိုက်ပျိုးရေးဌာနမှ  White Onion တင်သွင်းမည့် ပမာဏအား သတ်မှတ်ဆုံးဖြတ်ခဲ့ပါသည်။

White Onion အား အနည်းဆုံး ၇၅၀၀ မက်ထရစ်တန်တင်သွင်းခြင်းသည် ဈေးကွက်ထဲ ကြက်သွန်နီလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အတွက် ကုန်သည်များနှင့် ကြက်သွန်နီ တင်သွင်းသူများမှကြက်သွန်နီလက်လီဈေးနှုန်းအား ယခင်နှစ်ကတိုးမြှင့်ခဲ့ပါကြောင်း၊ စားသောက်ဆိုင် များ၊ အသင့်စားရောင်းချသည့်ဆိုင်များနှင် ဟိုတယ်များမှ Red Onion အား အမြောက်အများစုဆောင်းဝယ်ယူလေ့ရှိသဖြင့် ဈေးကွက်တွင် ကြက်သွန်နီလိုအပ်ချက်ရှိခဲ့ပါက ယခင်နှစ်ကဲ့သို့ ဈေးနှုန်းမြင့်တက်မှုမျိုးမဖြစ်စေရန်တောင်သူများ၊ ကုန်သည်များ၊ ကြက်သွန်နီတင်သွင်းရောင်းချသူ များနှင့် Bureau of Plant and Industry တို့အကြားရှိနေသည့် ကြက်သွန်နီလက်ကျန်စာရင်းမှာ ကိုက်ညီမှုရှိစေရန်လိုအပ်ပါကြောင်းနှင့် အဆိုပါစာရင်းမှန်ကန်မှသာလျှင် ဈေးနှုန်းသတ်မှတ်ရာတွင် မှန်ကန်နိုင်မည်ဖြစ်ပါကြောင်း Evangalista မှ ထည့်သွင်းပြောကြားခဲ့ပါသည်။

 စိုက်ပျိုးရေးဌာန လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ မက်ထရိုမနီလာမြို့နယ်အတွင်းရှိ New Las Pinas City, Makati City, Quezon City တို့မှ ဈေးများတွင် ကြက်သွန်နီဈေးနှုန်းများအား လေ့လာကြည့်ရာရောင်းချနေသည့် လက်လီဈေးမှာ တစ်ကီလိုလျှင် ပီဆို ၂၀၀ ထိမြင့်တက်နေသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ကုန်သည်များမှာ တောင်သူများထံမှ ကြက်သွန်နီရိတ်သိမ်းသည့်အချိန်က တစ်ကီလိုလျှင်  ပီဆို ၆၀ ဖြင့်ဝယ်ယူထားခဲ့ခြင်းဖြစ်ကြောင်း‌ပြောကြားခဲ့ပါသည်။ သို့ဖြစ်၍ ကြက်သွန်နီ ဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို ၁၃၀ မှ ၁၅၀ ကြားသာရှိသင့်ကြောင်း၊ ယခင်နှစ် ဒီဇင်ဘာလက ကြက်သွန်နီရှားပါးမှုကြောင့် တစ်ကီလိုလျှင် ပီဆို ၇၂၀ ထိ ဈေးနှုန်းမြင့်တက်ခဲ့သည့်ဖြစ်စဉ်ရှိခဲ့သည့်အတွက် တင်သွင်းမည့်ကြက်သွန်နီများသည် ယခုနှစ် ဇူလိုင်လမှ စတင်ရောက်ရှိရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

BPI မှ ပြောရေးဆိုခွင့်ရှိသူ Jose Diego Roxas’ ၏ ထုတ်ပြန်ချက်တွင် Red Onion အစား  စက်တင်ဘာလနှင့် နိုဝင်ဘာလတိုင်အောင် White Onion ကျန်ရှိနေသေးသည်ဟုဖော်ပြထားမှုသည် ဒွိဟဖြစ်စေနိုင်ပါကြောင်း၊ စိုက်ပျိုးရေးဌာနနှင့် Bureau of Plant and Industry ဌာနတို့အနေဖြင့် အမျိုးမျိုးသောအအေးခန်းသိုလှောင်ထိန်းသိမ်းမှုစနစ်ဖြင့် ထားရှိနိုင်သည့်ကြက်သွန်နီလက်ကျန်အပေါ် နောက်ဆုံးသေချာစိစစ်ပြီး စီမံခန့်ခွဲသွားရန် လိုအပ်ပါကြောင်း ဖော်ပြပါရှိပါသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလက သမ္မတ မားကို့စ်မှ ကြက်သွန်နီ အနည်းဆုံး ၂၂,၀၀၀ မက်ထရစ်တန် တင်သွင်းရန် သဘောတူခွင့်ပြုခဲ့သည့်အနက် အချိုးကျ‌တင်သွင်းခွင့်ပြုမိန့် ထပ်မံထုတ်ပေးရန် ကျန်ရှိနေသေးသည့် ပမာဏအား စိုက်ပျိုးရေးဌာနမှ ထုတ်ပေးသွားရန် လိုအပ်ပါကြောင်း၊ တန်ချိန် ၂၂,၀၀၀ ထဲမှ တန်ချိန် ၃,၅၀၀ တင်သွင်းပြီးဖြစ်ပြီး ကျန်ရှိသည့်ပမာဏအတွက် အချိုးကျတင်သွင်းခွင့်ခွဲဝေပေးရန် စိုက်ပျိုးရေးဌာမှ ဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် Bureau of Plant and Industry မှ တင်သွင်းခွင့်ပါမစ် ထုတ်ပေးသွားရန်နှင့် နောက်ဆုံးတင်သွင်းရမည့်ရက်အား သတ်မှတ်ပေးသွားရန် တို့ကိုလည်း ဆွေးနွေးပြောကြားသွားခဲ့ပါသည်။

 

 

 

Source: DA eyes SRP for onions | Philstar.com

(စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)

Category: International News