International News

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု တိုးနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနမှ တိုးမြှင့်ခန့်မှန်း

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည် ဆန်စားသုံးမှုတိုးမြင့်လာခြင်းနှင့် တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်း လျှော့ချခြင်းကြောင့် ဆန်တင်သွင်းမှု ၁၁.၉% မက်ထရစ်တန်ချိန် ၄.၇ သန်းခန့်ထိ တိုးမြင့်လာနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနမှ ၎င်းတို့၏ မူလခန့်မှန်းချက်အား တိုးမြှင့်ခန့်မှန်းခဲ့ပါသည်။

ပြီးခဲ့သည့်မေလက အမေရိကန်စိုက်ပျိုးရေးဌာန၏ ခန့်မှန်းချက်မှာ မက်ထရစ်တန်ချိန် ၄.၂ သန်းသာရှိခဲ့ပါကြောင်း၊ ဖိလစ်ပိုင်၊ ကင်ညာ၊ အီရတ်တို့မှ တိုးမြင့်သည့်အတွက် စုစုပေါင်း ကမ္ဘာ့ ဆန်တင်သွင်းမှုပမာဏလည်း တိုးလာမည်ဖြစ်ပါသည်။

ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းထားအား ၃၅% မှ ၁၅% ထိ လျှော့ချပေးခြင်းအား ၂၀၂၈ ခုနှစ်ထိတိုင် ခွင့်ပြုပေးသွားခြင်းအပါအဝင် စက်မှုလယ်ယာထွက်ကုန် ပစ္စည်းများအပေါ် အကောက်ခွန်နှုန်းလျှော့ချရန်ကို National Economic and Development Authority (NEDA) Board အဖွဲ့မှ သဘောတူညီခဲ့ကြပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် ၆-၆-၂၀၂၄ ရက်နေ့ထိ ဆန်တန်ချိန် ၂.၁၇ သန်းတင်သွင်းခဲ့ပြီးဖြစ်ကြောင်း Bureau of Plant and Industry (BPI) မှထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရှိရပြီး အမေရိကန်စိုက်ပျိုးရေးဌာနမှ ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းထားသည့် ပမာဏ၏ ထက်ဝက်ခန့်ပမာဏထိရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံမှ အဓိကဆန်တင်သွင်းနေသည့်နိုင်ငံများမှာ ဗီယက်နမ်နှင့် ထိုင်းတို့ဖြစ်ပြီး စုစု ပေါင်းတင်သွင်းမှု၏ ၇၂.၇% နှင့် ၁၅.၃% အသီးသီးရှိပါသည်။ ဗီယက်နမ်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံ သို့ ဆန်ရောင်းချတင်ပို့မှုသည် ၂၀၂၄ ခုနှစ်၊ မေလအထိ မက်ထရစ်တန်ချိန် ၁.၅၂ သန်း၊ ထိုင်းနိုင်ငံမှ မက်ထရစ်တန်ချိန် ၃၁၉,၇၄၀.၇၄ ထိရှိခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား ဆန်တင်သွင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ နှစ်စဉ်ဆန်တန်ချိန် ၁.၅ သန်းမှ ၂ သန်းထိ Quota ဖြင့် ၅ နှစ် တင်သွင်းရောင်းချခွင့်ရရှိထားပြီး ဖြစ်ပါ သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုမှာ မူဝါဒအပြောင်းအလဲမဖြစ်မီကပင် မြင့်တက်နေခဲ့ပြီးဖြစ်ပါကြောင်းနှင့် အယ်နီညို၏ ရိုက်ခတ်မှုကြောင့် ဆန်တင်သွင်းမှုတိုးမြင့်ခြင်းကို ဖြစ်ပေါ်စေခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အယ်နီညိုပြီးနောက် Ei Nino Southern Oscillation (ENSO) netural levels သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြီးခဲ့သည့်သတင်းပတ်က ဖိလစ်ပိုင်မိုးလေဝသဌာနမှ ကြေငြာခဲ့ပါ ကြောင်း၊ အယ်နီညိုအားပျော့သွားခြင်းကြောင့် စိုက်ပျိုးရေးသီးနှံအထွက်နှုန်းမှာ ၂၀၂၄ ခုနှစ် ပထမ ၆ လပတ်တွင် ၀.၀၅% ခန့်တိုးမြင့်လာကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ အချက် အလက်များအရ သိရှိရပါသည်။

အကောက်ခွန်နှုန်း လျှော့ချလိုက်ခြင်းက ဆန်တင်သွင်းသူ ကုန်သည်များအတွက် အကျိုး အမြတ် ပိုမိုဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ လာနီညာဖြစ်စဉ်ကြောင့်လည်း ၂၀၂၄ ခုနှစ် ကျန်ရှိ သည့် ကာလများတွင် ဆန်တင်သွင်းမှု တိုးမြင့်လာနိုင်ပါကြောင်း၊ လာနီညာသည် လာမည့် ဇူလိုင်လနှင့် စက်တင်ဘာလကြားတွင် ဖြစ်နိုင်ချေ ၆၉% ခန့်ရှိကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနမှခန့်မှန်းထားပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် နှစ်စဉ်ဆန်လိုအပ်ချက်၏ ၂၀% အား တင်သွင်းနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းလျှော့ချပေးခြင်းသည် ဆန်ဈေးနှုန်းမြင့်တက်နေခြင်း၊ rice inflation အားလျှော့ချစေရန် အစိုးရ၏ မူဝါဒတစ်ရပ်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လျှော့ချခြင်းက ဆန်တစ်ကီလိုလျှင် ၇ ပီဆိုခန့်ထိ ကျဆင်းနိုင်လိမ့်မည်ဟု ခန့်မှန်းတွက်ချက်ထားကြပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ ၃ နှစ်ဆက် တိုက် ကမ္ဘာ့ဆန်တင်သွင်းမှု အများဆုံးနိုင်ငံအဖြစ် ရှိနေမည်ဖြစ်ကြောင်း နိုင်ငံတကာ အေဂျင်စီများမှ ခန့်မှန်းတွက်ချက်ထားပြီး ယခုကဲ့သို့ အကောက်ခွန်နှုန်း လျှော့ချလိုက်ခြင်းက ကမ္ဘာ့ဈေးကွက်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်ပိုမိုတင်သွင်းနိုင်ကြောင်း အချက်ပြမှုတစ်ခုပင် ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

 

 

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Source; https://www.bworldonline.com/economy/2024/06/13/601796/usda-upgrades-rice-import-forecast-for-phl-to-4-7-mmt/

Category: International News