International News

စားတော်ပဲ ကုန်လက်ကျန် ထုတ်ဖော်ကြေညာမှု အိန္ဒိယအစိုးရ တင်းကျပ်စွာဆောင်ရွက်

Last Updated:

အိန္ဒိယနိုင်ငံတွင် စားတော်ပဲများအား အကောက်ခွန်ပေးဆောင်ရန်မလိုပဲ တင်သွင်းခွင့်ပြုခြင်းသည် ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းလျော့နည်းမှုကို ဖြစ်ပေါ်စေသဖြင့် ပဲမျိုးစုံသွင်းကုန် လုပ်ငန်းရှင်များက စားတော်ပဲအပေါ် သွင်းကုန်အခွန်တစ်ရပ် စည်းကြပ်ရန် အစိုးရသို့ တောင်းဆိုလျက်ရှိကြသည်။

ဗဟိုအစိုးရကမူ ပြည်တွင်းဈေးကွက်အတွင်း ပမာဏအများအပြားရှိနေသော စားတော်ပဲများကို သွင်းကုန်လုပ်ငန်းရှင်များက ပြန်လည်သိုလှောင်ထိန်းသိမ်းထားမည့်အရေးအပေါ် စိုးရိမ် မကင်းရှိသည့်အတွက် ပဲမျိုးစုံကုန်သွယ်ရောင်းဝယ်ရာ၌ ကုန်လက်ကျန် ထုတ်ဖော်တင်ပြရမည့် ပိုမိုတင်းကျပ်သော စည်းကမ်းချက်များကို ၇-၆-၂၀၂၄ နေ့တွင် ချမှတ်ခဲ့သည်။ သို့ဖြစ်ရာ ပဲမျိုးစုံ သိုလှောင်ထားသည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်လက်ကျန်ပမာဏကို တင်ပြခြင်းအပြင် ယခုအခါ ကုန်အဝင်အထွက် ပမာဏများကိုလည်း ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ်တင်ပြရမည်ဖြစ်သည်။ ဗဟိုအစိုးရ၏ အဆင့်မြင့်အရာရှိကြီးများနှင့် ပဲမျိုးစုံလုပ်ငန်းနယ်ပယ်မှ သက်ဆိုင်သူများ၏ အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပပြီးနောက် ထိုကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယပြည်တွင်း၌ ကုလားပဲစိုက်ပျိုးထွက်ရှိမှုမှာ မျှော်မှန်းထားသည်ထက် များစွာလျော့ကျနိုင်ကြောင်း အစိုးရနှင့် ကုန်သည်အသိုင်းအဝိုင်းက ခန့်မှန်းထားပြီး ဗဟိုအစိုးရသည် စားတော်ပဲအား အကောက်ခွန်လွတ်တင်သွင်းခွင့်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ၄ ကြိမ်တိုင် သက်တမ်းတိုးမြှင့်လျက် ခွင့်ပြုထားခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သော လုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ ၎င်းတို့အနေဖြင့် ဝယ်ယူတင်သွင်းထားသည့် စားတော်ပဲများအား ပြည်တွင်းဈေးကွက်၌ လက်ရှိဖြစ်ပေါ် နေသော ဈေးနှုန်းများထက် ပိုမိုသည့်နှုန်းထားဖြင့် ရောင်းချနိုင်ခွင့်မရှိဟု အစိုးရက ညွှန်ကြားထားကြောင်း၊ သွင်းကုန်လုပ်ငန်းရှင်များသည် မတ်လ ၃၁ ရက်နေ့ကို နောက်ဆုံးထားတင်သွင်းရမည့် နေ့ရက်အဖြစ် သတ်မှတ်ထားချိန်၌ အချိန်မီတင်သွင်းနိုင်ရန် ပြည်ပမှစားတော်ပဲများအား ဈေးကြီးပေး၍ ဝယ်ယူခဲ့ရကြောင်း၊ နောက်ပိုင်းမှသာ အကောက်ခွန်လွတ် တင်သွင်းခွင့်ကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိကာလတွင် နိုင်ငံတကာဈေးကွက်၌ စားတော်ပဲပမာဏအများအပြားကို လွယ်ကူစွာရရှိနိုင်ပြီး အထူးသဖြင့် ရုရှားနိုင်ငံမှ တင်ပို့ရောင်းချလျက်ရှိသည်။ ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံ၏ လယ်ယာထွက်ကုန်များအပေါ် သွင်းကုန်အခွန်များ ချမှတ်ထားရှိရာ အိန္ဒိယနိုင်ငံသည် ရုရှား စားတော်ပဲများအတွက် အရေးပါသည့် ဝယ်လက်နိုင်ငံဖြစ်လာကြောင်း ပဲမျိုးစုံလုပ်ငန်းနယ်ပယ်မှ သတင်းအရင်းအမြစ်များက ပြောဆိုလျက်ရှိကြသည်။ ထို့အပြင် စားတော်ပဲ စားသုံးမှုမြင့်မားသော တရုတ်နိုင်ငံတွင်လည်း အမေရိကန်ပြည်ထောင်စုသို့ ကုန်တင်ပို့ရာ၌ အခက်အခဲများ ကြုံတွေ့ရမှုနှင့်အတူ စားတော်ပဲ လက်ကျန်ပမာဏ မြင့်မားလျက်ရှိသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်၌ မုတ်သုံမိုးရွာသွန်းမှု ပုံပျက်ယွင်းခြင်းကြောင့် စားတော်ပဲနှင့် ကုလားပဲတို့၏ အထွက်လျော့ကျခဲ့ပြီးနောက် နှစ်အတန်ကြာပိတ်ပင်ထားခဲ့သော စားတော်ပဲတင်သွင်းခွင့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ကုန်သည်အသိုင်းအဝိုင်း၏ ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံသည် ကုလားပဲ၏နေရာ၌ အစားထိုးသုံးစွဲနိုင်သော စားတော်ပဲကို တန်ချိန် ၁၇ သိန်းအထိ တင်သွင်းထားရှိခဲ့ပြီး လာမည့် အောက်တိုဘာလ ၃၁ ရက်နေ့အထိ လက်ကျန်ကာလအတွင်း ပြည်ပမှ နောက်ထပ် စားတော်ပဲတန်ချိန်ပေါင်း ၂.၅ သိန်းမှ ၃ သိန်းအထိ ဝင်ရောက်ဖွယ်ရှိကြောင်း သိရှိရသည်။

Source: Economic Times, 7 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News