International News

ဂျာမနီနိုင်ငံ၏ စီးပွားရေးအခြေအနေကို နိုင်ငံရေးခေါင်းဆောင်များက မည်သို့ ကိုင်တွယ်ကြမည်နည်း

Last Updated:

ဂျာမနီနိုင်ငံ၏ စီးပွားရေးနှင့်စပ်လျဉ်း၍ နောက်ထပ်ထွက်ပေါ်လာသော သတင်းဆိုးတစ်ခုမှာ ဇွန်လတွင် စက်ရုံများမှ ထုတ်လုပ်မှုများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် စွမ်းအင်ကဏ္ဍများ၌ ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်ပါက ၁.၅ ရာခိုင်နှုန်း ထပ်မံကျဆင်းသွားခဲ့သည်ဟု   ထုတ်ပြန်ခဲ့သော The Federal Statistical Office (Destatis)၏ ထုတ်ပြန်ချက်ပင်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ယခုနှစ်အတွင်း စီးပွားရေးကျဆင်းနိုင်ခြေရှိသည့် နိုင်ငံပေါင်း (၂၀) ကျော်ကို ဆန်းစစ်မှုပြုလုပ်ရာ၌ ဂျာမနီနိုင်ငံသည် တစ်နိုင်ငံအပါအဝင်ဖြစ်ကြောင်း မကြာသေးမီက သတိပေးချက် ထုတ်ပြန်ခဲ့ပြီးသည့်နောက် Destatis မှ ယခုကဲ့သို့ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

ဂျာမနီသည် ဥရောပသမဂ္ဂတွင် အကြီးဆုံးစီးပွားရေးအဖြစ် ယခုချိန်အထိ ရပ်တည်နေဆဲဖြစ်ရာ အကယ်၍သာ ဂျာမနီအနေဖြင့် စီးပွားရေးကျဆင်းမှုထဲသို့ တစ်ဖန်ပြန်လည်ရောက်ရှိသွားခဲ့မည် ဆိုပါက ယင်းအခြေအနေသည် ဥရောပအဖွဲ့ဝင် အခြားသောနိုင်ငံများ၏ စီးပွားရေးကိုပါ သက်ရောက်မှု ရှိကောင်းရှိသွားမည် ဖြစ်ပါသည်။

ဂျာမနီ၏ သုံးပါတီ ညွန့်ပေါင်းအစိုးရအဖွဲ့၊ အုပ်ချုပ်ရေးပိုင်းတွင် အဖွဲ့ဝင် အနည်းဆုံးသာ ပါဝင်ခွင့်ရထားသော လွတ်လပ်သောဒီမိုကရက်တစ်ပါတီ (FDP) ၏ စီးပွားရေးမူဝါဒဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူ Reinhard Houben က “Sick man of Europe” အသုံးအနှုန်းအပေါ် သဘောမတူကြောင်းကို ယဉ်ကျေးစွာပြသခဲ့ပြီး ယင်းအသုံးအနှုန်းမှာ ချဲ့ကားပြောဆိုနေခြင်း ဖြစ်ကြောင်း DW သတင်းဌာနသို့ ပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားခဲ့သော်လည်း ဂျာမန်စီးပွားရေးမှာ အမှန်တကယ်ကျဆင်းနေသည်ကို တွေ့နေရကြောင်း ၎င်းကဝန်ခံထားပါသည်။

အကျပ်အတည်းများသည် နိုင်ငံရေးအတိုက်အခံများအပေါ် အကျိုးပြုနိုင်သဖြင့် ယင်းကို အခွင့် အရေးအဖြစ် အသုံးချရန် ကြိုးပမ်းကြရာတွင် The center-right Christian Democratic Union (CDU)နှင့် ၎င်း၏ ဒေသတွင်း မိတ်ဖက်ဖြစ်သော the Christian Social Union (CSU) တို့သည် စီးပွားရေးအတွက် ပြင်ဆင်မှုများ အမြန်ဆုံးပြုလုပ်နိုင်မည့် အစီအစဉ်တစ်ခု  (Sofortprogramm) အတွက်ဟူ၍ အဆိုပြုချက်များကို ထုတ်ပြန်ခဲ့သည်။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးနေရာမှ လက်ရှိစီးပွားရေး ကျဆင်းနေမှုကိုရေရှည်စီးပွားရေးအားနည်းမှုတစ်ခု မဖြစ်သွားစေရန် တားဆီးနိုင်ရေး ချက်ချင်းလုပ်ဆောင်သွားမည်ဟု CDU ဥက္ကဋ္ဌ Friedrich Merz က ပြောကြားခဲ့သည်။

အဆိုပါ အဆိုပြုချက်များတွင် လျှပ်စစ်မီတာခများကို ချက်ချင်းကန့်သတ်ပေးရန်၊ ဗျူရိုကရေစီကို တိုးမြင့်စေသည့် ဥပဒေများနှင့် စည်းမျဉ်းများအားလုံးကို ရုတ်သိမ်းပေးရန်၊ အချိန်ပိုရငွေအပေါ်တွင် ဝင်ငွေခွန်ကောက်ခံမှုကို ဖယ်ရှားပေးရန်နှင့် corporate tax နှင့် အခြားသော စည်းကြပ်မှု များကို လျှော့ချပေးရန်တို့ ပါဝင်ပါသည်။

ယင်း အဆိုပြုချက်များကို အစိုးရက မစဉ်းစားသေးမီကာလ၌ ၎င်းတို့ကို မူဝါဒပိုင်းဆိုင်ရာ အစီအစဉ်တစ်ခုအဖြစ် လက်မခံနိုင်သေးကြောင်း Houben က ငြင်းဆိုထားပါသည်။ ဥပမာ အားဖြင့် ဗျူရိုကရေစီကို လျှော့ချရန်ကိစ္စသည် FDP ဦးဆောင်သော တရားရေးဝန်ကြီးဌာနက ကာလကြာရှည်စွာ ကိုင်တွယ်ဖြေရှင်းနေသည့်ကိစ္စရပ် ဖြစ်ကြောင်းနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့် FDP ခေါင်းဆောင်ဖြစ်သော Christian Lindner သည်လည်း အခွန်မူဝါဒဆိုင်ရာအစီအမံ (၅၀) ထက် မနည်းကို ၎င်း၏ စီးပွားရေးတိုးတက်မှုအခွင့်အလမ်းများဥပဒေတွင် ထည့်သွင်းအဆိုပြုထားပြီးဖြစ်ကြောင်း Houben က ပြောကြားခဲ့သည်။

ဂျာမန်အစိုးရ၏ အခြားသောပါတီနှစ်ခုဖြစ်ကြသောThe center-left Social Democrats (SPD) နှင့် The environmentalist Greens တို့က ၎င်းတို့အနေဖြင့် စီးပွားရေးအားကောင်းလာစေရေး ဆောင်ရွက်မည့် လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ထုတ်ဖော်ပြသခဲ့ကြပါသည်။

Green Party ၏ ပူးတွဲဥက္ကဌ ဖြစ်သော Ricarda Lang က လက်ရှိအာဏာရပါတီများသည် ဂျာမန်စီးပွားရေး၏ အခြေခံအုတ်မြစ်ကို ကာကွယ်နိုင်ရန် ပူးတွဲစီမံချက်များ ချမှတ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဂျာမန်မီးရထားလမ်းများ၊ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဒစ်ဂျစ်တယ် အသွင်ကူး ပြောင်းခြင်းတို့တွင် တိုးတက်မှုအရေးတကြီး လိုအပ်နေဆဲဖြစ်သဖြင့် အစိုးရအနေဖြင့် ဆောင်ရွက်ဆဲလမ်းကြောင်းပေါ်တွင် ရှိနေကြောင်း အပတ်စဉ်ထုတ် Bild am Sonntag သတင်းစာသို့ အလေးအနက် ပြောကြားခဲ့သည်။

SPD ပါတီမှ အိမ်ရာ၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆောက်အဦဆိုင်ရာ ဝန်ကြီး Klara Geywitz က အိမ်ရာစီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ကြသူများအပေါ် အခွန်ဖြတ်တောက် နိုင်ဖွယ်ရှိသည့် Options များအား မိတ်ဆက်ပေးခြင်းဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ကူညီ ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်နေစဉ်တွင် SPD ၏ ပူးတွဲပါတီခေါင်းဆောင်ဖြစ်သော Saskia Esken က စက်မှုလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခစျေးနှုန်းများနှင့် အခြေခံ အဆောက်အဦများတွင် အဓိကရင်းနှီးမြှုပ်နှံမှုများအပေါ် အစိုးရက ထောက်ပံ့ကြေးပေးနိုင်ရေးကိစ္စတို့အား ၎င်းအနေဖြင့် ကာလရှည်ကြာစွာ ထောက်ခံအားပေးနေခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

သို့သော် German Institute for Economic Research (DIW Berlin) မှ President ဖြစ်သူ Marcel Fratzscher က ထောက်ပံ့မှုများ၊ အခွန်ဖြတ်တောက်မှုများနှင့်စပ်လျဉ်း၍ အဆိုပါ Economic Stimulus Program သည်  အင်အားကြီးမားသော ကော်ပိုရိတ်ကဏ္ဍအတွက် ငွေကြေးတစ်ဘီလီယံခန့် ပိုမိုရရှိလာနိုင်သော်လည်း ၎င်းဝင်ငွေသည် လက်ရှိကြုံတွေ့နေရသော စီးပွားရေးပြဿနာများကို ဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်ကြောင်း သတိပေးထားပါသည်။

Angela Merkel ၏ ရှေးရိုးစွဲဆန်သောအစိုးရလက်ထက်တွင် ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့သော လက်ရှိ ဝန်ကြီးချုပ် Mr.  Olaf Scholz သည် အားလပ်ရက်ခရီးထွက်နေပြီး စီးပွားရေးကျဆင်းမှုအပေါ် ကြေညာချက် တစ်စုံတရာထုတ်ပြန်ခြင်း မရှိသေးသော်လည်း ယင်းကိစ္စနှင့်စပ်လျဉ်း၍ ကြေညာ ချက်ထုတ်ပြန်ပေးရန်နှင့် Mr.  Olaf Scholz အနေဖြင့်  ရပ်တည်ချက်တစ်ခုထားရန် လိုအပ်ကြောင်း အတိုက်အခံ ခေါင်းဆောင်များက ဖိအားပေးနေကြပါသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ၎င်း၏အစိုးရအဖွဲ့မှ အဖွဲ့ဝင်များကလည်း Mr. Scholz အား လူအများ ရှေ့မှောက်တွင် မိန့်ခွန်းပြောကြားပေးပါရန် တောင်းဆိုနေကြကြောင်း FDP မှ စီးပွားရေးပညာရှင် Houben က ပြောကြားထားပါသည်။

ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီးဖြစ်သော Green Party မှ Mr. Robert Habeck က ဂျာမနီသည် ဆွဲဆောင်မှုရှိသော စီးပွားရေးတည်နေရာတစ်ခုဖြစ်ခဲ့ပြီး ယခုအချိန်အထိလည်း ဖြစ်နေဆဲဖြစ်ရာ လတ်တလောတွင် နိုင်ငံတကာမှ ကုမ္ပဏီ(၂၄)ခုက ယူရို ဘီလီယံ ၈၀ (အမေရိကန် ဒေါ်လာ ၈၈ ဘီလီယံ) ကို ဂျာမနီတွင် အဓိကရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိ ကြောင်း စိတ်ဓာတ်တက်ကြွဖွယ် သတင်းစကားတစ်ခု ပေးခဲ့ပါသည်။

ထိုင်ဝမ်မှ လာရောက်ရင်းနှီးမြုပ်နှံမှု ပြုလုပ်မည့်သတင်းသည် ဂျာမနီနိုင်ငံသားများအတွက် စိတ်ဓာတ်မြှင့်တင်ပေးမည့် မျှော်လင့်ချက်အသစ်တစ်ခုဖြစ်ပါသည်။  Chip ထုတ်လုပ်သည့် ထိုင်ဝမ်မှ TSMC ကုမ္ပဏီသည် ဂျာမနီနိုင်ငံမှ Bosch၊ Infineon နှင့် NXP တို့နှင့်ပူးပေါင်းလျက်  Dresden တွင် စက်ရုံကြီးတစ်ခု တည်ဆောက်တော့မည် အစီအစဉ်များကို ကြေညာခဲ့ပြီးဖြစ် သည်။ ဖက်ဒရယ်အစိုးရအနေဖြင့် ယူရို (၅) ဘီလီယံကို ထောက်ပံ့ငွေ အဖြစ် လျာထားနေသည် ဟု သတင်းများထွက်ပေါ်နေကြောင်းနှင့် အစိုးရတာဝန်ရှိသူများကလည်း ဂျာမနီအနေဖြင့် ရင်းနှီး မြှုပ်နှံမှုတည်နေရာတစ်ခုဖြစ်လာခြင်းသည်  အလွန်အရေးကြီးသောအချက်ပြမှုတစ်ခုဟု ပြောဆိုနေကြကြောင်း နေ့စဉ်ထုတ် စီးပွားရေးသတင်းစာဖြစ်သော  Handelsblatt တွင် ဖော်ပြထားပါသည်။

 

Source:         https://www.dw.com/en/how-germanys-political-leaders-want-to-fix-the-economy/a-66469876

( စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News