International News

ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ခဲ့သည့်အတွက် ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်နိုင်မည်ဟု ဂျပန်စီးပွားရေးလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းကျော်က ခန့်မှန်းထား

Last Updated:

ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များဖြေလျှော့ခဲ့သည့်အတွက် ပုဂ္ဂလိကသုံးစွဲနိုင်စွမ်းမြင့်မားလာကာ ဂျပန်နိုင်ငံ၏စီးပွားရေးမှာ လာမည့်နှစ်အတွင်း တိုးတက်လာနိုင်ကြောင်း ဂျပန်နိုင်ငံရှိ ကုမ္ပဏီကြီးများ၏ ၈၀ ရာခိုင်နှုန်းကျော်က ခန့်မှန်းထားသည်ကို ကျိုတိုသတင်းဌာန၏ စစ်တမ်းကောက်ယူချက်အရ သိရှိရကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ကုန်ဈေးနှုန်းကြီးမြင့်လာနိုင်မှုအခြေအနေကြောင့် ယခင်နှစ် နွေရာသီက ကောက်ယူခဲ့သည့်စစ်တမ်းတွင် စစ်တမ်းဖြေဆိုသည့် ကုမ္ပဏီများ၏ ၅၅ ရာခိုင်နှုန်းမှသာ ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်လာမည်ဟု ဖြေဆိုခဲ့ကြောင်းနှင့် ယခုနှစ်တွင် Toyota Motor Corp. နှင့် Uniqlo clothing chain operator Fast Retailing Co., အပါအဝင်ကုမ္ပဏီ ၁၁၄ ခုကို စစ်တမ်းကောက်ယူခဲ့ရာတွင် စစ်တမ်းဖြေဆိုသည့် ကုမ္ပဏီများ၏ ၈၂ ရာခိုင်နှုန်းက ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်လာနိုင်မည်ဟု ဖြေကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

စစ်တမ်းရလဒ်များကိုကြည့်မည်ဆိုပါက လောင်စာဆီဈေးနှုန်းနှင့် ကုန်စည်ဈေးနှုန်းများမြင့်တက်နေသော်လည်း ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံ့စီးပွားရေးအပေါ် အပြုသဘောဆောင်၍ ရှုမြင်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံ၏စီးပွားရေးအခြေအနေ တိုးတက်ကောင်းမွန်လာနိုင်ကြောင်း ခန့်မှန်းရသည့်အဓိကအချက်များအား မေးမြန်းခဲ့ရာတွင် စစ်တမ်းဖြေဆိုသူများ၏ ၉၄ ရာခိုင်နှုန်းက ဝယ်ယူသုံးစွဲနိုင်မှုအခြေအနေများ ပြန်လည်ကောင်းမွန်လာခြင်းကြောင့်ဖြစ်ကြောင်း၊ ၆၇ ရာခိုင်နှုန်းက ငွေကြေးအရင်းအနှီးများသုံးစွဲမှု ပြန်လည်အားကောင်းလာခြင်းကြောင့်ဖြစ်ကြောင်း၊ ၅၅ ရာခိုင်နှုန်းက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုလျော့ပါးလာခြင်းကြောင့်ဖြစ်ကြောင်းနှင့် ပြည်ပမှ ခရီးသွားဧည့်သည်များမှ ဂျပန်နိုင်ငံတွင် ငွေကြေးသုံးစွဲမှုမြင့်မားလာနိုင်ခြင်းကြောင့်ဖြစ်ကြောင်း ဖြေဆိုသူအများစုက ဖြေကြားခဲ့ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံ၏စီးပွားရေးအခြေအနေမှာ ပြောင်းလဲမှုမရှိနိုင်ကြောင်း(သို့မဟုတ်) ကျဆင်းနိုင်ကြောင်း ခန့်မှန်းချက်မှာ ယခင်နှစ်က ၄၂ ရာခိုင်နှုန်းရှိခဲ့ရာမှာ ယခုနှစ်တွင် ၁၅ ရာခိုင်နှုန်းသာရှိတော့ကြောင်း၊ အဆိုပါစစ်တမ်းဖြေဆိုသူ၏ ၁၅ ရာခိုင်နှုန်းအနေဖြင့် ဂျပန်နိုင်ငံ၏ စီးပွားရေး အခြေအနေမှာ ပြောင်းလဲမှုမရှိနိုင်ကြောင်း(သို့မဟုတ်)ကျဆင်းနိုင်ကြောင်း ဖြေဆိုခဲ့ရခြင်းအကြောင်းအရင်းမှာ အမေရိကန်နိုင်ငံတွင် စီးပွားရေးကျဆင်းလာနိုင်သည့်အတွက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

စစ်တမ်းဖြေဆိုသူများ၏ ၅၉ ရာခိုင်နှုန်းမှာ စီးပွားရေးလုပ်ငန်းများချဲ့ထွင်သွားရန်ရှိကြောင်းနှင့် စစ်တမ်းဖြေဆိုသူများ၏ ၅၉ ရာခိုင်နှုန်းနီးပါးမှာ လုပ်ငန်းမှအမြတ်ရရှိစေရေးအတွက် အဓိကစိန်ခေါ်မှုများမှာ ကုန်စည်ဈေးနှုန်းများနှင့်လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ စစ်တမ်းဖြေဆိုသည့်ကုမ္ပဏီများ၏ ထက်ဝက်နီးပါးမှာ လာမည့်ဘဏ္ဍာနှစ် ဧပြီလမှစ၍ ၎င်းတို့၏ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ဈေးနှုန်းတိုးမြှင့်သွားရန် စီစဉ်လျက်ရှိကြောင်း၊ စစ်တမ်းဖြေဆိုသူများ၏ ထက်ဝက်နီးပါးမှာ လုပ်သားပြတ်လပ်လျက်ရှိကြောင်းဖော်ပြခဲ့သော်လည်း စစ်တမ်းဖြေဆိုသူများ၏ ၂၄ ရာခိုင်နှုန်းမှသာ လစာတိုးမြှင့်ပေးရန် စဉ်းစားလျက်ရှိကြောင်း၊ စစ်တမ်းဖြေဆိုသူအများစုအနေဖြင့် အမေရိကန်ဒေါ်လာနှင့် ယန်းငွေလဲလှယ်နှုန်းကို အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ယန်း ၁၂၀ မှ ၁၄၀ အကြားသာရှိစေလိုကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဝန်ကြီးချုပ်ဖူမီအိုခီရှိဒ၏ အောင်မြင်စွာဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ရာ၌ စစ်တမ်းဖြေဆိုသူများ၏ ၂၅ ရာခိုင်နှုန်းက ပြည်တွင်း၌ နည်းပညာမြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor)ထုတ်လုပ်နိုင်မှုသေချာစေရေး ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကို ဖြေဆိုခဲ့ကြကြောင်းနှင့် ကုမ္ပဏီကြီးများ၏ အကြီးတန်းရာထူးများ၏ ၃၀ ရာခိုင်နှုန်းကျော်ကို ၂၀၃၀ ပြည့်နှစ်တွင် အမျိုးသမီးများခန့်ထားနိုင်ရေး အစိုးရ၏ရည်မှန်းချက်နှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ရာတွင် စစ်တမ်းဖြေဆိုသူများ၏ ၅ ရာခိုင်နှုန်းမှသာ အဆိုပါရည်မှန်းချက်ကို အကောင်အထည်ဖော်ပြီးဖြစ်ကြောင်းနှင့် ယခုနှစ်ကုန်တွင် ခန့်ထားနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ စစ်တမ်းကို လုပ်ငန်းကဏ္ဍတစ်ခုစီမှ ကိုယ်စားပြုကုမ္ပဏီများအား ဇူလိုင်လမှ ဩဂုတ်လ လဆန်းပိုင်းအထိ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်စည်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ ပြည်ပနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေဖြစ်ကြောင်း ဂျပန်ဗဟိုဘဏ်မှ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေခဲ့သည့် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုနှင့် ကုန်စည်ဈေးနှုန်းများနှင့်စပ်လျဉ်းသည့် ရှုမျှော်သုံးသပ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည့်အားလျော်စွာ ဂျပန်အစိုးရအနေဖြင့် ပြည်ပနိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသည့် စိန်ခေါ်မှုများကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် ကုန်စည်ဈေးနှုန်းများ၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ ဈေးကွက်အခြေအနေများအပေါ် သက်ရောက်နိုင်မှုအခြေအနေများကို အလေးထားစောင့်ကြည့်လျက်ရှိပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းကဏ္ဍများတွင် အရေးပါသည့်အရင်းအမြစ်များဖူလုံမှုရှိစေရေးအတွက် မူဝါဒများချမှတ်ဆောင်ရွက်ခြင်းအပါအဝင် အရင်းအမြစ်များကြွယ်ဝသည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source: The Kyodo News (13-8-2023)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News