International News

ထိုင်းနိုင်ငံ စက်မှုဝန်ကြီးဌာနက အရည်အသွေးမမီသော လူသုံးကုန်ပစ္စည်းများ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းလာခြင်း မရှိစေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်

Last Updated:

ထိုင်းပြည်တွင်းစက်ရုံများနှင့် ပြည်သူများအားအကာအကွယ်ပေးရန်အတွက် ထိုင်းနိုင်ငံအတွင်းသို့ အရည်အသွေးမမီသော ပစ္စည်းများ တင်သွင်းမှု တားဆီးခြင်းကိုလာမည့် ၆ လအတွင်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အရည်အသွေးမမီသော ကုန်ပစ္စည်းများကြောင့် ထိုင်းစွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် စားသုံးသူများအပေါ် သက်ရောက်လာသည်ဟုရေးသား ဖော်ပြထားသည့် အစီရင်ခံစာအရ ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဝန်ကြီး Ms. Pimphattra Wichaikul က ပြောကြားခဲ့ပါသည်။

တင်သွင်းသူများက မည့်သည့်နိုင်ငံမှ ဝယ်ယူတင်သွင်းခဲ့သည်ဆိုသည်ကို ထုတ်ဖော်ပြောကြားခြင်း မပြုသော်လည်း ဖြန့်ကျက်ပြောမည်ဆိုပါက အိမ်နီးချင်းနိုင်ငံများမှ ဖြစ်နိုင်ကြောင်း၊ ထိုင်းစက်မှု စံချိန်စံညွှန်း အင်စတီကျု (Thai Industrial Standards Institute –TISI) ကို အကောက်ခွန် ဦးစီးဌာန နှင့် ပူးပေါင်း၍ အင်စတီကျု၏ စီမံခန့်ခွဲမှုအောက်ရှိ တင်သွင်းကုန်စည်များ၏ အရည်အသွေးများကို စစ်ဆေးရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ လာမည့် ၆ လအတွင်း ဈေးကွက်အတွင်းရှိ အရည်အသွေးမမီသော ပစ္စည်းများအားလုံး ဖယ်ရှားနိုင်ရေး ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက် ပြောကြားပါသည်။

ထိုင်းစက်မှုစံချိန်စံညွှန်းအင်စတီကျုက ကုန်ပစ္စည်း ၁၄၃ မျိုး အပေါ် စစ်ဆေးသွားမည်ဖြစ်ပြီး သတ်မှတ်အရည်အသွေးနှင့် လုံခြုံစိတ်ချရမှု စံချိန်စံညွှန်းများကို အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း၊ တင်သွင်းကုန်ပစ္စည်းများအပေါ် ပိုမိုတင်းကြပ်သည့် လုပ်ထုံးလုပ်နည်းများနှင့် အင်စတီကျုအနေဖြင့်လည်း ပိုမိုတင်းကြပ်စွာ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ဈေးများနှင့် အွန်လိုင်း‌မှ ရောင်းချသည့် ပုံစံ ၂ မျိုးစလုံးအတွက် အကျုံးဝင်မည် ဖြစ်ပါကြောင်း၊ အရည်အသွေးနိမ့် ကုန်ပစ္စည်းတင်သွင်းလာသူများကို လည်း အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ် နှင့်/သို့မဟုတ် ငွေဒဏ် ဘတ် ၂ သန်း ချမှတ်သွားမည် ဖြစ်ကြောင်း၊ ပြည်တွင်းကုန်သည်များသည် ယင်းကုန်ပစ္စည်းများကို ရောင်းချသည်ကို စိစစ်တွေ့ရှိပါက ထောင်ဒဏ် ၆ လ နှင့်/သို့မဟုတ် အမြင့်ဆုံးငွေဒဏ် ဘတ် ၅၀၀,၀၀၀ ချမှတ်သွားမည်ဖြစ်ကြောင်း၊ အင်စတီကျု၏ ခေတ္တအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Wanchai Phanomchai က ပြောကြားခဲ့ပါသည်။

ပြည်တွင်း အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန်အတွက် ဈေးနည်းသော တရုတ်ကုန်ပစ္စည်းများ တင်သွင်းလာခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာနများကို တိုက်တွန်းထားပါကြောင်း၊ ပြည်တွင်း အငယ်စားနှင့် အသေးစားစီးပွားရေးလုပ်ငန်းများသည် ကပ်ရော ဂါ၏ သက်ရောက်မှုများမှ ပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်နေရဆဲဖြစ်ပါကြောင်း၊ အရည်အသွေးမမီသော တင်သွင်းကုန်စည်များ ဈေးကွက်အတွင်း လွှမ်းမိုးလာမှုကို ကာကွယ်စေလိုကြကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်းများအသင်းချုပ်က ဆိုပါသည်။

အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပိုမိုထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖိတ်ခေါ်နိုင်ရေးအတွက် လျှပ်စစ်မော်တော်ယာဉ် မက်လုံးပေးအစီအစဉ်သစ်များကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဝန်ကြီးက ကတိပေးပြောကြားခဲ့ပါသည်။

 

 

Source: www.bangkokpost. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News