International News

ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ မြေနှင့်အဆောက်အဦခွန် နှင့်စပ်လျဉ်းသည့် ဥပဒေအပေါ် အကဲဖြတ်သွားမည်ဖြစ်

Last Updated:

ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြေနှင့်အဆောက်အဦခွန် အက် ဥပဒေ (၂၀၁၉) (2019 Land and Building Tax Act) အသက်ဝင်ပြီးနောက် ကြုံတွေ့နေရသော ပြဿနာများနှင့် အခက်အခဲများနှင့်စပ်လျဉ်း၍ အကဲဖြတ်သွားမည်ဖြစ်ကြောင်း၊  ဝန်ကြီးဌာန ၂ ခုသည် ပိတ်ဆို့မှုများကို လိုက်နာဆောင်ရွက်ခြင်း၊ ဥပဒေ၏ ထိရောက်မှုကို အကဲဖြတ်ခြင်းနှင့် ပြင်ဆင်မှုများ လိုအပ်ခြင်း ရှိ/မရှိ တို့အပါအဝင် မြေခွန်ကောက်ခံမှုဆိုင်ရာ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ဘဏ္ဍာရေးမူဝါဒရုံး၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Pornchai Thiraveja က ပြောကြားခဲ့ပါသည်။

 ဥပဒေ၏ ထိရောက်မှုကို ၅ နှစ်လျှင် အနည်းဆုံး ၁ ကြိမ် အကဲဖြတ်ရမည်ဖြစ်ကြောင်း၊ ပြည်သူများ၊ မရွှေ့ပြောင်းနိုင်သောပိုင်ဆိုင်မှု ပိုင်ဆိုင်သည့် တစ်ဦးတစ်ယောက်ချင်းစီနှင့် ကုမ္ပဏီများ၏ အကြံ ပြုချက်များကို နားထောင်ရန် လိုအပ်ပါကြောင်း၊ ယခင် အစိုးရလက်ထက်တွင် ပိုင်ဆိုင်မှုအပေါ် အခွန်ကောက်ခံခြင်းမဟုတ်ဘဲ  ငှားရမ်းမှုမှရရှိသည့် ဝင်ငွေအပေါ်တွင်သာ အခွန်ကောက်ခံခြင်းဖြစ်ကြောင်း၊ ဥပဒေသစ်တွင် ဒေသဆိုင်ရာ အာဏာပိုင်များကို နိုင်ငံအတွင်းရှိ မြေနှင့် အဆောက်အဦပေါ်တွင် အခွန်ကောက်ခံရန် အခွင့်အာဏာပေးထားပါကြောင်း ၎င်းက ဆက်လက် ပြောကြားပါသည်။

ဥပဒေသစ်၏ ရည်ရွယ်ချက်မှာ အခွန်ကောက်ခံမှုကို ပိုမိုထိရောက်နိုင်စေရန်နှင့် ပြည်သူ့ဘဏ္ဍာတိုးမြင့်စေရန်ဖြစ်ကြောင်း၊ ပြည်သူများ၏ ထင်မြင်ယူဆချက်များအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ မေးခွန်းလွှာများပေးပို့ထားပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အသက်ဝင်ခဲ့သည့် ယင်းဥပဒေသစ် သည် ခေတ်နောက်ကျနေပြီဖြစ်သော အိမ်နှင့်မြေခွန်အက်ဥပဒေ (၁၉၃၀) (House and Land Tax Act 1930) မှ ကူးပြောင်းသည့် ကာလအတွင်း အခွန် ဝန်ထုပ်ဝန်ပိုးကို သက်သာစေရန် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ ပထမ ၃ နှစ်အတွင်း အခွန်လျှော့ချ သတ်မှတ်ထားပါကြောင်း၊ မြေနှင့်အဆောက်အဦ၏ တန်ဖိုးကို ငွေတိုက်ဦးစီးဌာနက စိစစ်ပါကြောင်း၊ အကဲဖြတ်သည့် နှုန်းထားဖြင့်ကောက်ခံသည့် အိမ်ခြံမြေခွန်ကို တွက်ချက်မှုအခြေခံအဖြစ် ဆောင်ရွက်ပါကြောင်း Mr. Pornchai က ဖြည့်စွက်ပြော ကြားပါသည်။

လယ်ယာမြေအတွက် အခွန် Ceiling သတ်မှတ်ချက်သည် ၀.၁၅ ရာခိုင်နှုန်းဖြစ်ပြီး သက်ရောက်မည့်နှုန်းသည် ၀.၀၁-၀.၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ မြေပိုင်ရှင်သည် တစ်ဦးချင်းဖြစ်ပြီး မြေအကဲဖြတ်ဈေးသည် ဘတ် သန်း ၅၀ ထက်မပိုပါက ပထမ ၃ နှစ်အတွက် အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပါ ကြောင်း၊ လူနေထိုင်သောအိမ်ယာမြေအတွက် အခွန် Ceiling သတ်မှတ်ချက်သည် ၀.၃ ရာခိုင်နှုန်း ဖြစ် ပြီး သက်ရောက်မည့် နှုန်း သည် ၀.၀၂-၀.၁ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အိမ်အတွက်မှတ်ပုံတင်စဉ်က ရေးသွင်းထားသည့် ပထမအိမ်ပိုင်ရှင်များသည် အမြင့်ဆုံးတန်ဖိုး ဘတ် သန်း ၅၀ အထိ မြေနှင့် အဆောက်အဦအတွက် ပိုင်ဆိုင်မှုအခွန် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် စက်ရုံ အတွက် အသုံးပြုမည့် မြေနှင့် မြေလွတ်အတွက် အခွန် Ceiling သတ်မှတ်ချက်သည် ၁.၂ ရာခိုင်နှုန်း ဖြစ်ပြီး သက်ရောက်မည့် နှုန်းသည် ၀.၃-၀.၇ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ မြေနှင့်အဆောက်အဦများကို ၃ နှစ်ဆက်တိုက် အလွတ်ထားရှိပါက ၃ နှစ်ပြည့်ပြီးတိုင်း နှုန်းထားကို ၀.၃ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ပြီး တိုးမြှင့်သည့်နှုန်း ၃ ရာခိုင်နှုန်း ရောက်ရှိသည်အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News