International News

အယ်နီနို(El Nino) ရာသီဥတု ဖြစ်စဉ်များ၏ သက်ရောက်မှုများကြောင့် ထိုင်းဆန် ပိုမိုတင်ပို့နိုင်ဖွယ်ရှိ

Last Updated:

ကမ္ဘာ့နိုင်ငံများသည် အယ်နီနို (El Nino) ရာသီဥတုဖြစ်စဉ်များ၏ အကျိုးသက်ရောက်မှုများကို ထိန်းညှိရန် အလျင် စလိုလုပ်ဆောင်လာမှုများကြောင့် ကမ္ဘာ့ဝယ်လိုအား မြင့်တက်လာသဖြင့် ယခုနှစ်အတွင်း ထိုင်းဆန်တင်ပို့နိုင်မှု တန်ချိန် ၈ သန်းထက် ပိုမိုနိုင်ဖွယ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Mr. Jurin Laksawawisit က ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံက ထိုင်းဆန်ကို တန် ၂-၃ သန်းအထိ တိုးမြှင့်ဝယ်ယူမည်ဟု ခန့်မှန်းရပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံက ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆန်အမြောက်အမြား ဝယ်ယူရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အီရတ်နိုင်ငံက ဆန်တန်ချိန် ၁ သန်း နီးပါးတင်သွင်းမည်ဟု ခန့်မှန်းရပါကြောင်း Mr. Jurin က ဆက်လက်ပြောကြားပါသည်။

ဗီယက်နမ်နိုင်ငံက သစ်သီးနှင့် ကော်ဖီစိုက်ပျိုးမှုသို့ ပြောင်းလဲနေသလို နိုင်ငံတွင်း ရိက္ခာဖူလုံရေးအတွက် ဆန်တင်ပို့မှုကို လျှော့ချနေပါကြောင်း၊ ထိုင်းငွေအားပျော့နေမှုကြောင့် ထိုင်းဆန်တင်ပို့မှုတွင် ပိုမိုယှဉ်ပြိုင်မှုများနေကြောင်း ဖြည့်စွက်ရှင်းလင်းပါသည်။

ယခင်နှစ်က ထိုင်းဆန်တင်ပို့မှုသည် တန်ချိန် ၇.၆၉ သန်း ဖြစ်သဖြင့် ခန့်မှန်းထားသည့် တန်ချိန် ၇.၅ သန်းထက်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် တန်ချိန် ၇.၅-၈ သန်းအထိ ခန့်မှန်းထားကြောင်း၊ ဈေးနှုန်းမြင့်မားသည့် အဓိက လယ်ယာသီးနှံများမှာ ဆန်မွှေး၊ ပသူသနီဆန်မွှေး၊ ဆန်ဖြူနှင့် ကောက်ညှင်းဆန်တို့ဖြစ်ပြီး နိုင်ငံတော်က အာမခံပေးထားသည့် ဈေးနှုန်းထက်ပင် ဈေးပိုမိုရရှိပါကြောင်း Mr. Jurin က ရှင်းလင်းပြောကြားပါသည်။

 

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Source: www.bangkokpost.gov   

Category: International News