International News

ထိုင်းနိုင်ငံ၊ Khon Kaen Sugar Industry Plc (KSL) ၏ ကြံထုတ်လုပ်မှုသည် ၂၀၂၃-၂၀၂၄ စိုက်ပျိုး ရာသီတွင် ကျဆင်းနိုင်ဖွယ်ရှိ

Last Updated:

ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံးကြံထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Khon Kaen Sugar Industry Plc (KSL) သည် ယခင်နှစ် ၂၀၂၂-၂၀၂၃ စိုက်ပျိုးရာသီတွင် ကြံ တန်ချိန် ၆.၄ သန်း ထုတ်လုပ် နိုင်ခဲ့သော်လည်း မိုးခေါင်မှုကြောင့် ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် ကြံတန်ချိန် ၅ သန်းခန့်သာ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း KSL ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Chalush Chinthammit က ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ကြံဈေးနှုန်းသည် ၁ ပေါင်လျှင် ၂၂ ဆင့်ရရှိသဖြင့် ကြံစက်မှုလုပ်ငန်းအတွက် ကောင်းမွန်ပါကြောင်း၊ မိမိတို့ကုမ္ပဏီအနေဖြင့် တန်ချိန် ၈၀ သန်းထုတ်လုပ်ရန် မျှော်မှန်းပါကြောင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရန် လိုအပ်သော စားသုံးသူများနှင့်သင့်လျော်သည့် Glycaemic Index (GI) နည်းပါးစွာပါဝင်သည့် သကြားအသစ်တစ်မျိုးကို Kane’s အမည်ဖြင့် ဈေးကွက်ရှိပါကြောင်း၊ ယင်းသကြား အမျိုးအစားကို စင်ကာပူအခြေစိုက် Nutrition Innovation Co နှင့် ပူးပေါင်းတီထွင်ထုတ်လုပ်ခြင်းဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

Glycaemic Index (GI) ဆိုသည်မှာ အစားအစာအတွင်း ကာဗွန်ဟိုက်ဒရိတ်နှင့် သကြားပါဝင်မှုအတွက် နှုန်းပြသသည့် စနစ်ဖြစ်ပါကြောင်း၊ ၎င်းသည် လူတို့စားသုံးသော အစားအစာများသည် သွေးတွင်းသကြားဓာတ်(ဂလူးကို့စ်)ကို မည်မျှမြန်မြန်တိုးသည်ကို ပြသပါကြောင်း ရှင်းလင်းပါသည်။

၂၀၂၃ ခုနှစ်တွင် သကြားအမျိုးအစားအသစ်ကို ၁၄၈ တန်ထုတ်လုပ်နိုင်ပြီး လာမည့်နှစ်တွင် တန် ၂,၀၀၀ ထိ တိုးမြှင့်ထုတ်လုပ်ရန် လျာထားပါကြောင်း၊ KSL သည် Khon Kaen၊ Loei၊ Sa Kaeo နှင့် Chon Buri တို့တွင် သကြားထုတ်လုပ်သည့် စက်ရုံများတည်ထောင်ထားပါကြောင်း Mr. Chalush ဆက်လက်ပြောကြားပါသည်။

 GI အမျိုးအစား သကြားကို ဩစတြေးလျ၊ အိန္ဒိယ၊ အာဖရိကနှင့် ဘရာဇီးနိုင်ငံတို့ရှိ သကြားကုမ္ပဏီများကလည်း ထုတ်လုပ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင် သကြားထုတ်ကုန်များ တီထွင်ထုတ်လုပ်ရန် အခွင့်အလမ်းများရှိပါကြောင်း Nutrition Innovative ၏ CEO ဖြစ်သူ Mr. Matthew Godfrey က ပြောကြားခဲ့ပါသည်။

 

 

Source: www.bangkokpost.gov   

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News