International News

ဩစတြေးလျ -ဗြိတိန် -အမေရိကန် ကာကွယ်ရေးပစ္စည်းများကုန်သွယ်မှုဆိုင်ရာ ပေါင်းစည်းမှုနှင့် ပတ်သက်သော ဆုံးဖြတ်ချက်

Last Updated:

ဩစတြေးလျ-ဗြိတိန်-အမေရိကန် ကာကွယ်ရေးပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာပေါင်းစည်းမှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် (AUKUS Defense Trade Integration Determination) ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်လွှတ်တော်သို့ တင်ပြခဲ့ကြောင်း ၁၅-၈-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

အမေရိကန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် ကာကွယ်ရေးပစ္စည်းများ ကုန်သွယ်မှုပေါင်းစည်းရန်အတွက် ဩစတြေးလျ-ဗြိတိန်-အမေရိကန် (AUKUS) ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်ခဲ့ကြပြီးနောက် ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေ ဖြင့် အမေရိကန်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်မှုစနစ်နှင့် ဩစတြေးလျနှင့် ဗြိတိန်နိုင်ငံတို့၏ ပို့ကုန်ထိန်းချုပ်ရေးစနစ်တို့ကို ယှဉ်တွဲဖော်ပြလျက် အမေရိကန်လုပ်ငန်းအဖွဲ့အစည်းများအတွက် သုံးနိုင်ငံအပြန်အလှန် ပို့ကုန်ကင်းလွတ်ခွင့်ကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု အမေရိကန်လွှတ်တော်သို့ ၁၅-၈-၂၀၂၄ ရက်တွင် တင်ပြခဲ့ပါကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနသည် လက်နက်နှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ၌ ဖော်ပြထားသော အပြည်ပြည်ဆိုင်ရာသယ်ယူပို့ဆောင်ရေးစနစ်များ (International Traffic in Arms Regulations, ITAR) ကို ပြင်ဆင်လျက် ဩစတြေးလျနှင့် ဗြိတိန်နိုင်ငံတို့အတွက် ပို့ကုန်လိုင်စင် ကင်းလွတ်ခွင့်ကို အကောင်အထည်ဖော်ရန် အပြီးသတ်ဆုံးဖြတ်ချက်ကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း၊  ITAR ကင်းလွတ်ခွင့်သည် ၁-၉-၂၀၂၄ ရက်တွင် အသက်ဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်၊ ဩစတြေးလျနှင့် ဗြိတိန်နိုင်ငံတို့သည် လူထုအကြံပြုချက်များကို အလေးထား သည့် နိုင်ငံများဖြစ်ပြီး မိတ်ဖက် (၃) နိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍနှင့် သုတေသနအဖွဲ့အစည်းများနှင့်အတူ လက်တွဲလုပ်ဆောင်လျက် အဆိုပါဆုံးဖြတ်ချက်အပေါ် ၎င်းတို့၏ အကြံပြုချက်များရရှိရေး အသီးသီး ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အပြီးသတ်ဆုံးဖြတ်ချက်မပြုလုပ်မီ လူထုအကြံပြုချက်များကိုရယူရန် ရက်ပေါင်း (၉၀) ကြာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ဤသို့စည်းမျဉ်းများ ပြောင်းလဲခြင်းသည် မိတ်ဖက် (၃) နိုင်ငံ၏ ကာကွယ်ရေးစက်မှုလုပ်ငန်းများအနေဖြင့် လိုင်စင်မလိုဘဲကာကွယ်ရေးပစ္စည်းများ ကုန်သွယ်မှုကို ဖြေလျော့ပေးနိုင်ရန်ဖြစ်ကြောင်း၊ ဩစတြေးလျ-ဗြိတိန်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုသည် (၃) နိုင်ငံအကြား အကျိုးအမြတ်အမြင့်ဆုံးရရှိရေး ဝန်းကျင်ကောင်း တစ်ရပ်တည်ထောင်ရန် ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်ကြောင်း၊ ဤကုန်သွယ်မှုကင်းလွတ်ခွင့် အသစ်သည် အနာဂတ်စိန်ခေါ်မှုများကို လျှော့ချရန် အတူလက်တွဲဆောင်ရွက်လျက်ရှိသည့် နမူနာကောင်းတစ်ခု ဖြစ်ကြောင်းနှင့် ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် လုံခြုံရေးတိုးတက်လာရန် အမေရိကန်၊ ဩစတြေးလျနှင့် ဗြိတိန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်လည်းဖြစ် ကြောင်း သိရှိရပါသည်။

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News