International News

အမေရိကန်နိုင်ငံသားများအတွက် ဆရာဝန်ညွှန်ကြားသည့်သောက်ဆေးဈေးနှုန်းကို အမေရိကန် အစိုးရက လျှော့ချပေးခဲ့

Last Updated:

အမေရိကန်အစိုးရသည် ၎င်း၏နိုင်ငံသားလူနာများအတွက် ဆရာဝန်ညွှန်ကြားသည့် သောက် ဆေးများ (Prescribed Drugs) ဈေးနှုန်းကို လျော့ချလိုက်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ၁၅-၈-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

အမေရိကန်နိုင်ငံသားများအနေဖြင့် ဆေးကုသမှုစရိတ်နှင့် အစားအစာအတွက် ပေးချရမည့်ငွေတို့အနက် မည်သည်ကိုဦးစားပေး ပေးချေရန် နှစ်ပေါင်းများစွာကြာ ရွေးချယ်မှုများပြုလုပ်နေကြရပြီး သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကိုလည်း ဆေးကုသစရိတ်များနှင့် ပတ်သက် ၍ညှိနှိုင်းပေးရန် အမေရိကန် ဆေးကုမ္ပဏီကြီးများကဟန့်တားလျက်ရှိကြရာသမ္မတဂျိုးဘိုင်ဒင် အစိုးရအနေဖြင့် ၎င်းအခြေအနေကို ပြောင်းလဲစေရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယနေ့ (၁၅-၈-၂၀၂၄ ရက်) တွင် သမ္မတဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီကြီးများနှင့် ဆေးအမျိုးအစား (၁၀) မျိုးအား ပထမအကြိမ် ဈေးနှုန်းလျှော့ချသတ်မှတ်ရန် ညှိနှိုင်းနိုင်ခဲ့ကြောင်း၊ ဤသို့ လျှော့ချနိုင်ခြင်းဖြင့် Medicare အစီအစဉ်တွင် ပါဝင်သူများအနေဖြင့် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံနှင့် Medicare အစီအစဉ်အနေဖြင့် ပထမနှစ်တွင် အမေရိကန်ဒေါ်လာ (၆) ဘီလီယံအထိ သက်သာမည်ဖြစ်ကြောင်း၊ ဈေးနှုန်းလျှော့ချမည့် ဆေးအမျိုးအစား (၁၀) မျိုးသည် အမေရိကန်နိုင်ငံသား သက်ကြီးရွယ်အိုများ ခံစားနေရသည့် နှလုံးရောဂါ၊ သွေးခဲ/ပျစ်ခြင်း၊ ဆီးချို၊ အဆစ်ရောင်ရောဂါ ၊ Crohn’s disease နှင့် အခြားရောဂါများကို ကုသသည့်ဆေးများဖြစ်ကြောင်း သိရှိရပါသည်။

Medicare အစီအစဉ်တွင် ပါဝင်သူများအနေဖြင့် ၎င်းတို့အား ဆရာဝန်ညွှန်ကြားသည့် ဆေးများ ဝယ်ယူရာတွင် ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေအရ ပေးရသည့် ဈေးနှုန်းသက်သာမည်ဖြစ်ကာ ယင်းသို့လျော့ချခြင်း လုပ်ငန်းစဉ်သည် ၂၀၂၅ ခုနှစ်တွင် အသက်ဝင်မည်ဖြစ် ကြောင်း၊ အမေရိကန်နိုင်ငံသားသက်ကြီးရွယ်အို (၁၉) သန်းခန့်သည် ယင်းအစီအစဉ်အရ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပြီး Medicare အစီအစဉ်တွင် ပါဝင်သည့် အခြားအကျိုးခံစားခွင့်ရှိသူများသည် ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ ကျန်းမာရေးစရိတ်အတွက် အသုံးပြုငွေ  တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၄၀၀) အထိ လျော့ချနိုင်မည်ဖြစ်ကြောင်း၊ ဈေးနှုန်းအမြင့်ဆုံးဆေးများဝယ်ယူရန် စာရင်းသွင်းထားသည့် အမေရိကန်နိုင်ငံသား (၁.၉) သန်းသည်လည်း တစ်နှစ်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ (၂,၅၀၀) အထိ သက်သာသွားမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အတွက် သမ္မတ၏ ရသုံးမှန်းခြေငွေစာရင်းကို ယခုညှိနှိုင်းမှုအစီအစဉ် ပေါ်တွင်အခြေခံ၍ ရေးဆွဲထားပြီး အခြားအသုံးများသည့် ဆေးဝါးများအတွက် ထပ်မံဆွေးနွေးညှိနှိုင်း သွားရန်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ရသုံးမှန်းခြေငွေစာရင်းတွင် ဆီးချိုသမားများအတွက် လစဉ်ဆရာဝန် ညွှန်ကြားသည့် အင်ဆူလင်ဆေးကို တစ်လလျှင် အမေရိကန်ဒေါ်လာ (၃၅) အများဆုံးသတ်မှတ်သွားရန်ပါရှိကြောင်း သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News