International News

တရုတ်နိုင်ငံ၌ ကောက်ပဲသီးနှံများ ဆုံးရှုံးမှုကို လျှော့ချရန်အတွက် စက်ယန္တရားများကို ပိုမိုအသုံးပြုလာ

Last Updated:

တရုတ်နိုင်ငံတစ်ဝှမ်းလုံးတွင် ဂျုံရိတ်သိမ်းမှု စတင်နေပြီး ဟော်နန်(Henan)၊ ကျန်းစူး (Jiangsu)၊ ရှန်ရှီး(Shaanxi)နှင့် ရှန်းတုန်း(Shandong)အပါအဝင် ဂျုံအဓိကထွက်ရှိသည့် ပြည်နယ်များတွင် ရာသီဥတုကောင်းမွန်လျက်ရှိသဖြင့် လယ် သမားများသည် စက်များနှင့် သီးနှံများကို နေ့ရောညပါ ရိတ်သိမ်းလျက်ရှိကြောင်း chinadaily.com သတင်းဌာနက ဖော်ပြထားပါသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ ဆောင်းသီးနှံဂျုံ ဟက်တာ (၁၅.၉)သန်းကျော်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် စတင်ရိတ်သိမ်းခဲ့ပြီး စုစုပေါင်းစိုက်ပျိုးဧရိယာ၏ (၇၅)ရာခိုင်နှုန်း ရှိကြောင်း သိရှိရပါသည်။

ဂျုံရိတ်သိမ်းမှု ပိုမိုထိရောက်စေရန်နှင့် သီးနှံဆုံးရှုံးမှုကို လျှော့ချရန်အတွက် ယခုနှစ်တွင် စက်များကိုတွင်ကျယ်စွာ အသုံးပြုနေကြောင်း ဟော်နန်(Henan)ပြည်နယ်သည် သီးနှံဆုံးရှုံးမှု နည်းပါးစေရန် မိုးဒဏ်ခံရသော ဂျုံဟက်တာ (၅.၆၇) သန်း အပါအဝင် ဂျုံခင်းများကို ရိတ်သိမ်းခြင်းနှင့် အခြောက်ခံခြင်းတို့ကို စက်များဖြင့် ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

အဆိုပါပြည်နယ်သည် ရှည်လျားသောမိုးရာသီကိုကြုံတွေ့ခဲ့ရပြီး သီးနှံရိတ်သိမ်းမှုကိုထိခိုက်စေခဲ့ကြောင်း၊ထို့ကြောင့် သီးနှံရိတ်သိမ်းရာတွင် ထိရောက်မှုရှိစေရန်အတွက် combine harvesters (၂၁၆,၀၀၀)အပါအဝင် စက်ယန္တရား (၄) သန်းခန့်ကို အသုံပြုခဲ့ကြောင်း အဆိုပါဌာနမှပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မိုးရွာပြီးနောက် wheeled combine harvesters များသည် ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်းမရှိသဖြင့် သီးနှံရိတ် သိမ်းရန် crawler harvesters (၃၀,၀၀၀)ကို ထပ်မံအသုံးပြုခဲ့ပြီး ရိတ်သိမ်းပြီးသီးနှံများကို အခြောက်ခံရန်အတွက် အခြောက်ခံစက် (၄,၆၆၀)ကိုလည်း နေ့ရောညပါ အသုံးပြုခဲ့ကြောင်းသိရှိရပါသည်။

ဟော်နန်ပြည်နယ်မြောက်ပိုင်းရှိ ရှန်းတုန်းပြည်နယ်၌ ဂျုံဟက်တာ (၄)သန်း၏ (၅၆.၂) ရာခိုင်နှုန်းကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ရိတ်သိမ်းခဲ့ကြောင်း ရှန်တုန်ပြည်နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဌာန၏ ပြောကြားချက်အရသိရှိရပါသည်။

ယခုနှစ်တွင် ရှန်းတုန်းပြည်နယ်တွင် သီးနှံရိတ်သိမ်းမှု ထိရောက်စေရန်နှင့် ဆုံးရှုံးမှုကို လျှော့ချရန်အတွက် လယ် သမားများအား အလိုအလျောက် မောင်းနှင်သည့်စနစ်နှင့် Beidou လမ်းကြောင်းပြစနစ်တို့ကို တပ်ဆင်ရန် အထောက်အပံ့များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ယန္တရားများ၏ ရောင်းလိုအားနှင့် ဝယ်လိုအားကို ကိုက်ညီစေရန်အတွက် ရှန်းတုန်းပြည်နယ် Ningyang စီရင်စုရှိ စိုက်ပျိုးရေးသမဝါယမအသင်းများမှတစ်ဆင့် လယ်သမားအရေအတွက်နှင့် စိုက်ပျိုးရေးစက်လိုအပ်ချက်တို့နှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်းပေးသည့် model တစ်ခုကို စမ်းသပ်ခဲ့ပြီးနောက် ဝယ်လိုအားအရ စက်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ယန္တရားများ ထောက်ပံ့ပေးခြင်းသည် ဂျုံစိုက်ပျိုးသူများကို အချိန်မီရိတ်သိမ်းနိုင်စေသည်ဟု ခရိုင်စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဗျူရိုမှ ဒါရိုက်တာ Hou Dianchen ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

Source: www.chinadaily.com.cn/a/202306/13/WS6487b5e3a31033ad3f7bbe18.html 

(စီးပွားရေးသံမှူး၊ နန်နင်း)

Category: International News