International News

အမေရိကန်ဗဟိုဘဏ် (Fed) ၏ အတိုးနှုန်းများ ခေတ္တငြိမ်သက်နေစဉ်တွင် ဥရောပ ဗဟိုဘဏ် (ECB) က အဓိကကျသော အတိုးနှုန်းများကို တိုးမြှင့်

Last Updated:

ဥရောပဗဟိုဘဏ် (The European Central Bank – ECB) သည် လက်ရှိအတိုးနှုန်းကို ၀.၂၅ ရာခိုင်နှုန်း မြှင့်တင်ရန် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ကြေညာခဲ့ခြင်းဖြင့် ယူရိုဇုန်၏ အဓိက အတိုးနှုန်းကို ၄ ရာခိုင်နှုန်းသို့ တိုးစေခဲ့သည်။

ယင်းသို့တိုးမြှင့်လိုက်သည့်အတွက် refinancing operation များ၏ အတိုးနှုန်းမှာ  ၄ ရာခိုင်နှုန်း ၊ marginal lending facility အတွက် ကျသင့်သော အတိုးနှုန်းမှာ ၄.၂၅ ရာခိုင်နှုန်းနှင့် အပ်ငွေအပေါ် အတိုးနှုန်းမှာ ၃.၅ ရာခိုင်နှုန်း အသီးသီးဖြစ်သွားကြလိမ့်မည်ဖြစ်ကြောင်း ECB က ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူရိုဇုန်အတွင်း စီးပွားရေးကျဆင်းနေချိန်တွင် အတိုးနှုန်းကို ရှစ်ကြိမ်ဆက်တိုက် တိုးမြှင့်ခဲ့ခြင်းသည် ထပ်တလဲလဲဖြစ်ပေါ်နေသော ငွေကြေဖောင်းပွမှုအတွက် ရည်ရွယ်ခဲ့ပါသည်။

ငွေကြေးဖောင်းပွမှုကို ၎င်း၏ medium-term target ဖြစ်သော ၂ ရာခိုင်နှုန်းသို့ အချိန်နှင့်တစ်ပြေးညီ ပြန်လည်ရောက်ရှိစေရေးအတွက် The Governing Council အနေဖြင့် ယင်းသို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။

ယူရိုဇုန်၏ ငွေကြေးဖောင်းပွမှုသည် တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာသော်လည်း မေလတွင် ၆.၁ ရာခိုင်နှုန်း ရှိနေသေးသည့်အတွက်  ဗဟိုဘဏ်က ရည်မှန်းထားသော ၂ ရာခိုင်နှုန်း ထက် သုံးဆမျှ ပိုနေသေးသည်။

ဇူလိုင်လ ၂၇ ရက်တွင် ကျင်းပရန်ရှိသော ဥရောပဗဟိုဘဏ်၏ နောက်လာမည့် အစည်းအဝေးတွင်လည်း အတိုးနှုန်းများ ပိုမိုတိုးမြှင့်လာနိုင်ကြောင်း ECB ၏ ဥက္ကဋ္ဌဖြစ်သော Ms. Christine Lagarde က ပြောကြားခဲ့သည်။

ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်မှုများ မပြီးစီးသေးကြောင်း၊ သတ်မှတ်ထားသော ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်းတစ်ခုသို့လည်း မရောက်ရှိသေးကြောင်းနှင့် ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် နည်းလမ်းများရှိပါကြောင်း Ms. Lagarde က သတင်း ထောက်များသို့ ပြောကြားခဲ့သည်။

ငွေကြေးအဖွဲ့အစည်းအနေဖြင့် နောက်လာမည့် အစည်းအဝေးတွင် အတိုးနှုန်းကို ဆက်လက်တိုးမြှင့်လိမ့်မည်ဖြစ်ကြောင်းနှင့် သတင်းထောက်များ ပြောကြားသကဲ့သို့ အတိုးနှုန်း တိုးမြှင့်ခြင်းကို ခေတ္တရပ်ထားရန် မစဉ်းစားထားကြောင်း ECB ဥက္ကဌက ထပ်လောင်း ပြောကြားခဲ့ သည်။  

လုပ်ခလစာတိုးမြှင့်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် အမြတ်အစွန်းများ ပိုမိုရရှိရန်  စျေးနှုန်းများတက်ခိုင်းခြင်းကဲ့သို့သောအချက်များ သည်  ငွေကြေးဖောင်းပွမှု၏ အဓိက သော့ချက်များဖြစ်ကြောင်း Ms. Lagarde  ထောက်ပြခဲ့သည်။

အတိုးနှုန်းတိုးမြှင့်ခြင်းသည် ဈေးနှုန်းများကိုကျဆင်းစေနိုင်သော်လည်း ဝယ်လိုအားကိုပါ ကျဆင်းလာစေသည့်အတွက် စီးပွားရေးကျဆင်းမှုဘက်သို့ တွန်းပို့ပေးရာရောက်သွားနိုင်သည်။ သို့သော်လည်း အတိုးနှုန်းနှင့် စီးပွားရေးကို ချိန်ညှိဆောင်ရွက်ရာတွင် အချက်အလက်များအပေါ်တွင်သာ အခြေခံ၍ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ECB က ပြောကြားထားသည်။

အမေရိကန်ဗဟိုဘဏ်သည် မကြာသေးမီကမှ အတိုးနှုန်းတိုးမြှင့်ထားမှုကို ယခုအချိန်တွင် ခေတ္တ ရပ်ထားသော်လည်း ငွေကြေးဖောင်းပွမှုမှာမြင့်မားနေဆဲဖြစ်သဖြင့် ယခုနှစ်အတွင်း အတိုးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း (၁၄-၆-၂၀၂၃) ရက်က သတိပေးခဲ့သည်။

ထို့ကြောင့် ရုရှားမှ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့မှုကြောင့် ငွေကြေးဖောင်းပွမှု အရှိန်မြင့်တက်နေခြင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုအဖြစ် အတိုးနှုန်းများကို (၁၀) ကြိမ် ဆက်တိုက် တိုးမြှင့်ပြီးသည့်နောက်တွင် Fed ၏ lending rates စံသတ်မှတ်ချက်မှာ ၅ ရာခိုင်နှုန်း နှင့် ၅.၂၅ ရာခိုင်နှုန်း အကြားတွင် ဆက်လက်ကျန်ရှိနေလိမ့်မည်ဖြစ်ပါသည်။

 

 

 

 

Source: https://www.dw.com/en/ecb-raises-key-interest-rate-as-fed-hits-pause/a-65922358

(စီးပွားရေးသံမှူး၊ ဘာလင်)

 

Category: International News