International News

တောင်ကိုရီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်း ပြန်လည်မြင့်မားနိုင်သည်ဟု ဗဟိုဘဏ်ပြောကြားခဲ့

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းသည် ၂၀၂၃ ခုနှစ်အလယ်ပိုင်းတွင် ၂ ရာခိုင်နှုန်း အထိ ကျဆင်းနိုင်ဖွယ်ရှိသော်လည်း ၂၀၂၃ခုနှစ်အကုန်ပိုင်းတွင် ၃ ရာခိုင်နှုန်းအထိပြန်လည်ရောက်ရှိလာနိုင်သည်ဟု တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်မားခဲ့ခြင်းမှအစပြု၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် စားသုံးသူဈေးနှုန်းတိုးတက်မှုနှုန်းသည် ၆.၃ ရာခိုင်နှုန်းအထိ ရောက်ရှိမြင့်မားခဲ့ပါသည်။ ထို့နောက် တစ်ဖြည်းဖြည်းကျဆင်းလာခဲ့ရာ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလမှ မေလအတွင်း စားသုံးသူ ဈေးနှုန်းများ ၄.၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီးနောက် မေလအတွင်း ၃.၃ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပါသည်။ 

၂၀၂၃ ခုနှစ်အကုန်ပိုင်းတွင် ၃ ရာခိုင်နှုန်းအထိ ပြန်လည်ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းရခြင်းမှာ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး ဈေးနှုန်းများ မြင့်မားလာခြင်း၊ ကားဝယ်ယူမှုများအတွက် အထူးအခွန်ဖြတ်တောက်မှုကို ပယ်ဖျက်လိုက်ခြင်းနှင့် ပုံမှန်မဟုတ်သော ရာသီဥတုက သီးနှံဈေးနှုန်းများကို မတည်ငြိမ်စေခြင်းတို့ကြောင့်ဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်၏ သုတေသနဌာနအကြီးအကဲ Choi Chang-ho က ပြောကြားပါသည်။

တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်အနေဖြင့် Core inflation (အတက်အကျများလေ့ရှိသော အစားအသောက်နှင့်စွမ်းအင်ဈေးနှုန်းမပါ တွက်ချက်သည့် ရေရှည်ငွေကြေးဖောင်းပွနှုန်း) လျော့ကျအောင် မဆောင်ရွက်နိုင်ခြင်းအပေါ် စိုးရိမ်မိပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒုတိယခြောက်လအတွင်း Core inflation သည် ၄.၁ ရာခိုင်နှုန်းတွင် ရှိနေပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်းတွင် လည်း ၄ ရာခိုင်နှုန်းတွင်သာ ရှိနေသဖြင့် ကျဆင်းမှုနှေးကွေးပါကြောင်း၊ ဝန်ဆောင်မှုနှုန်းထားများ မြင့်မားခြင်း၊ အလုပ်အကိုင်ခန့်ထားမှုနှုန်းမြင့်မားလာသဖြင့် ဝင်ငွေတိုးကာ သုံးစွဲမှုနှုန်းမြင့်မားလာခြင်းတို့က Core inflation မြင့်မားစေခြင်း အကြောင်းရင်းများဖြစ်ပါကြောင်း Choi Chang-ho က ပြောကြားခဲ့ပါသည်။

Source: https://www.koreaherald.com/view.php?ud=20230619000707

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News