International News

ဂျာမနီနိုင်ငံတွင် အလုပ်လာရောက်လုပ်ကိုင်ကြမည့် ကျွမ်းကျင်လုပ်သားများအနေဖြင့် မိဘများအား အတူခေါ်ယူနေထိုင်နိုင်တော့မည်ဖြစ်

Last Updated:

ဂျာမနီနိုင်ငံတွင် ဥရောပသမဂ္ဂ  ပြင်ပနိုင်ငံများမှ အလုပ်လာရောက် လုပ်ကိုင်ကြမည့် ကျွမ်းကျင်လုပ်သား (Skilled worker) များအနေဖြင့်  မိမိတို့၏ မိဘများ၊  ယောက္ခမများကို  မိမိတို့နှင့်အတူ ခေါ်ယူနေထိုင်နိုင်တော့မည် ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းမှာ ကြီးမားသော ပြောင်းလဲမှုတစ်ရပ်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လမှ စတင်၍  အဆိုပါ စည်းမျဉ်းအသစ် အသက်ဝင်မည်ဖြစ်ရာ  ဂျာမနီတွင် လက်ရှိရောက်ရှိနေပြီးဖြစ်သော  ကျွမ်းကျင်လုပ်သားများမှာ စည်းမျဉ်းနှင့် အကျုံးမဝင်သဖြင့်များစွာ စိတ်ပျက်လျက်ရှိကြောင်းသိရသည်။  လက်ရှိတွင် ကျွမ်းကျင်လုပ်သားများ၏ ဇနီး/ ခင်ပွန်းနှင့်သားသမီးများကိုသာ ခွင့်ပြုထားပြီး မလွှဲမရှောင်သာသော အခက်အခဲများရှိမှသာ မိဘများကို လိုက်ပါနေထိုင်ခွင့်ပြုထားခဲ့သည်။ 

ယခုစည်းမျဉ်းအရခွင့်ပြုရာတွင်လည်း ကျွမ်းကျင်လုပ်သားများအနေဖြင့် ၎င်းတို့မိဘများအတွက် ကျန်းမာရေးအာမခံအပါအဝင် ကုန်ကျစရိတ်များကို တာဝန်ယူနိုင်ကြောင်း၊ ငွေရေးကြေးရေးထောက်ပံ့ပေးနိုင်ကြောင်း အထောက်အထားများကို တင်ပြရမည်ဟု ဖော်ပြထားပါသည်။

ဂျာမနီတွင် ကျွမ်းကျင်လုပ်သားများရှားပါးလာမှုကြောင့် EU ပြင်ပမှ အလုပ်လာရောက် လုပ်ကိုင်လိုသူများပြားလာစေရန် ရည်ရွယ်လျက် ဆွဲဆောင်မှုတစ်ခုအနေဖြင့် အဆိုပါစည်းမျဉ်းအသစ်ကို  ထုတ်ပြန်ထားခြင်းဖြစ်ပြီး ၂၀၂၈  ခုနှစ်အထိ ယင်းစည်းမျဉ်း သက်ရောက်မှုရှိနေလိမ့်မည်ဟု ဖော်ပြထားပါသည်။

 

 

Source:         https://www.dw.com/en/can-skilled-workers-bring-their-parents-to-germany/video-67117731

(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

 

Category: International News