International News

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအကြား ရှိမည်ဟု The University of Thai Chamber of Commerce (UTCC) က ခန့်မှန်းထုတ်ပြန်ခဲ့

Last Updated:

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း ရှိနိုင်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၉၀ ဘီလီယံမှ ၂၉၃ ဘီလီယံကြားရှိနိုင်ကြောင်း The University of Thai Chamber of Commerce (UTCC) က ခန့်မှန်းထားပါသည်။

ပို့ကုန်ပြန်လည်ကောင်းမွန်လာခြင်းမှာ အမေရိကန်၊ တရုတ်နှင့် ဂျပန်နိုင်ငံများ၏ စီးပွားရေးနှေးကွေးနေသော်လည်း အဓိက ပို့ကုန်ဈေးကွက်များဖြစ်သော အာဆီယံ၊ ဥရောပ၊ တောင်ကိုရီးယားနှင့် ယူကေ၏ ဝယ်လိုအား ပြန်လည်မြင့်တက်လာခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွား‌ရေးတိုးတက်လာခြင်းကြောင့်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) က ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့ GDP ကို ၃.၁ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်မှုကို ၃.၃ ရာခိုင်နှုန်းထိ တိုးမြှင့်ခန့်မှန်းထားပါကြောင်း UTCC ဥက္ကဋ္ဌ Mr. Thanavath Phonvicnai က ပြောကြားခဲ့သည်။

အတိုးနှုန်းများကို အမေရိကန်နိုင်ငံက မေလတွင် လည်းကောင်း၊ ဥရောပသမဂ္ဂက ဧပြီလတွင် လည်း ကောင်း၊ ယူကေနိုင်ငံက ဇွန်လတွင် လည်းကောင်း အသီးသီးလျှော့ချလာနိုင်ကြောင်း၊ ယင်းကြောင့် ယခုနှစ် ဒုတိယနှစ်ဝက်တွင် ပို့ကုန်တိုးတက်မှု ခိုင်မာလာနိုင်ပြီး ဘတ်ငွေလည်း ခိုင်မာလာနိုင်ကြောင်း ၎င်းက သုံးသပ်ထားပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ ပို့ကုန်သည် ဒီဇင်ဘာလတွင် ၅ လမြောက် ဆက်တိုက်မြင့်တက်နေခဲ့သော်လည်း တစ်နှစ်ပတ်လုံးအတွက် အနီလိုင်းမှာပင်ရှိနေသေးကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၅ ဘီလီယံ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၀ ဘီလီယံရှိခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၅.၁၉ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပို့ကုန်များအနက် စိုက်ပျိုးရေးနှင့် စက်မှုလယ်ယာထုတ်ကုန်များသည် အမေရိကန်ဒေါ်လာ ၄၉.၂ ဘီလီယံ (၀.၇ ရာခိုင်နှုန်း)၊ စက်မှုထုတ်ကုန်များသည် အမေရိကန်ဒေါ်လာ ၂၂၄ ဘီလီယံ (၁ ရာခိုင်နှုန်း) အသီးသီးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်အတွင်း ပို့ကုန်အခြေအနေကောင်းမွန်မည့် ကုန်စည်များမှာ သန့်စင်ပြီးဆီ၊ တယ်လီဖုန်းများနှင့် ဆက်စပ်ပစ္စည်းများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် ဒိုင်အုတ်များ၊ လတ်ဆတ်၊ အေးခဲအသီးများ၊ အီလက်ထရစ်ထရန်စဖော်မာများ၊ မော်တော်ကားများ၊ လျှပ်စစ်ပစ္စည်းများ၊ သစ်နှင့် သစ်ထုတ်ကုန်များ၊ ယန္တရားများဖြစ်ကြောင်း၊ စီးပွားရေးသံမှူးများအနေဖြင့် ဖော်ပြပါ ထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်စေလိုကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ပို့ကုန်တိုးမြှင့်စေရုံသာမက နိုင်ငံ၏ စီးပွားရေးလည်း တိုးတက်လာမည်ဖြစ်ကြောင်း Mr. Thanavath Phonvicnai က အကြံပြုထားပါသည်။

ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုအပေါ် The University of Thai Chamber of Commerce (UTCC) ၏ ခန့်မှန်းထားချက်ဖြစ်ပြီး ပို့ကုန်ကောင်းမွန်နိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရန်လည်း လိုအပ်ပါသည်။ လတ်တလောကာလတွင် ပင်လယ်နီတွင် Houthi များ၏ တိုက်ခိုက်မှုဖြစ်ပွားလျက်ရှိရာ အဆိုပါ လမ်းကြောင်းကို ရှောင်ရှား၍ အခြားသော လမ်းကြောင်းများကို အသုံးပြုခြင်းကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်လျက်ရှိသဖြင့် ပို့ကုန်စွမ်းဆောင်ရည်အပေါ် သက်ရောက်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.gov

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: International News