International News

ဥရောပဗဟိုဘဏ်သည် ဒစ်ဂျစ်တယ် ယူရိုအတွက် နောက်တစ်ဆင့်သို့ တက်လှမ်း

Last Updated:

ဥရောပဗဟိုဘဏ်(European Central Bank- ECB) သည် ယူရိုဒစ်ဂျစ်တယ်ဗားရှင်းနှင့် မိတ်ဆက် ပေးနိုင်ရေးအတွက် ခြေလှမ်းအသစ်တစ်ခုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာဘ ၁၈ ရက်နေ့တွင် စတင်ခဲ့သည်။

ECB ၏ အုပ်ချုပ်မှုကောင်စီသည် စည်းမျဉ်းများကို အပြီးသတ်နိုင်ရေးနှင့် ၎င်း၏ပုဂ္ဂလိကကဏ္ဍ လုပ်ဖော်ကိုင်ဖက်များကို ရွေးချယ်နိုင်ရေးတို့အတွက် ဒစ်ဂျစ်တယ်ယူရိုနှင့်စပ်လျဉ်းသော အချိန်(၂) နှစ် ကြာမြင့်မည့် ပြင်ဆင်မှုအဆင့်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် စတင်မည်ဟု ပြောကြားခဲ့သည်။

အများသုံး ဒစ်ဂျစ်တယ်ငွေကြေးနှင့်ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်သော အကျိုးကျေးဇူးများ သို့မဟုတ် ဆုံးရှုံးနိုင်ခြေများကို ရှင်းလင်းစွာ ဖော်ပြထားမှု မရှိသေးသောကြောင့် ယခုပြင်ဆင်မှုအဆင့်သည် လက်တွေ့စမ်းသပ်လုပ်ဆောင်ခြင်းအဆင့်သာ ရှိလိမ့်မည်ဖြစ်ကြောင်းနှင့် ECB အနေဖြင့် ဒစ်ဂျစ်တယ်ငွေကြေးကို စတင်မိတ်ဆက်ရောင်းချနိုင်ရေးအတွက် အတည်ပြုဆုံးဖြတ်ချက်လည်း မချမှတ်ရသေးကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဒစ်ဂျစ်တယ်ယူရိုသည် ဥရောပဧရိယာအတွင်းရှိ လူတိုင်းအသုံးပြုနိုင်သော အီလက်ထရွန်နစ် ငွေပေးချေမှုနည်းလမ်းတစ်ခုဖြစ်ပြီး၊ ၎င်းသည် ငွေစက္ကူများနှင့် အကြွေစေ့များကိုသာ အသုံးပြုနေခြင်းအပေါ် ဥရောပဗဟိုဘဏ်ထုတ် ငွေကြေးများကို ဒစ်ဂျစ်တယ်ပုံစံအဖြစ်ပါ သုံးစွဲနိုင်စေရန် ထပ်မံဖြည့်စွက်၍ လူတို့အားရွေးချယ်ခွင့်ပေးမည့် အစီအမံဖြစ်ပါသည်။

ဥရောပဗဟိုဘဏ်အနေဖြင့် အနာဂတ်ကာလအတွက် ၎င်းတို့၏ငွေကြေးကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်းနှင့်  ယခုအသုံးပြုရန်စီစဉ်နေသော ဒစ်ဂျစ်တယ်ယူရိုသည် ထိတွေ့ကိုင်တွယ် သုံးစွဲနိုင်သည့် ငွေစက္ကူများ၊ အကြွေစေ့များနှင့်အတူ ခေတ်နောက်မကျန်ဘဲ အတူယှဉ်တွဲ တည်ရှိနေလိမ့်မည်ဖြစ်ကြောင်း ဥရောပဗဟိုဘဏ်ဥက္ကဌ Ms. Christine Lagarde က ပြောကြားခဲ့သည်။

ယနေ့အသုံးပြုနေသောငွေသားများကဲ့သို့ပင် ဒစ်ဂျစ်တယ်ယူရိုကို ယူရိုဧရိယာအတွင်းရှိ မည်သည့်နေရာတွင်မဆို အသုံးပြုနိုင်ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။ ယင်းသည် ယူရိုဧရိယာ၏ ငွေကြေးအပေါ် တရားဝင် ထိန်းချုပ်နိုင်မှုအာဏာကို ပိုမိုအားကောင်းလာစေမည်ဖြစ်ပြီး ဥရောပ ငွေပေးချေမှုကဏ္ဍတွင် ယှဉ်ပြိုင်နိုင်စွမ်းအားလည်း မြင့်တက်လာစေလိမ့်မည်ဟု ဗဟိုဘဏ်က ဆက်လက် ပြောကြားခဲ့သည်။

ဥရောပဗဟိုဘဏ်သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကတည်းကပင် ဒစ်ဂျစ်တယ်ယူရို အသုံးပြုရန်  ဖြစ်နိုင်ခြေရှိ၊ မရှိကို စတင် ဖော်ထုတ်ရှာဖွေခဲ့ခြင်းဖြစ်သည်။

ECB အနေဖြင့် ဒစ်ဂျစ်တယ်ယူရို၏ ထပ်လောင်းတန်ဖိုးကို ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်စွမ်းမရှိ ခဲ့ခြင်းသည် ၎င်းတို့ကြုံတွေ့ခဲ့ရသော အဓိကအခက်အခဲများထဲမှ (၁)ချက်ဖြစ်ကြောင်း ကျွမ်းကျင်သူ များက ပြောကြားခဲ့သည်။ ထို့ပြင်  commercial bank များတွင် အကျပ်အတည်းများရှိနေချိန်၌ ယခုကဲ့သို့ ဒစ်ဂျစ်တယ်ယူရိုကို စမ်းသပ်မှုတစ်ခုအနေအဖြစ် မိတ်ဆက်ခြင်းသည် လတ်တလော ရင်ဆိုင်နေရသော အခြေအနေနှင့်နှိုင်းယှဉ်ပါက တိုးတက်မှုအနည်းငယ်ကို ပေးစွမ်းနိုင်လိမ့်မည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်မှ အကြွေးဝယ်ကတ်ကုမ္ပဏီများက လွှမ်းမိုးနေရာယူထားသည့် ငွေပေးချေမှု စျေးကွက်တွင် ဒစ်ဂျစ်တယ်ယူရိုငွေသည် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိမှုကို ဖန်တီးပေးလာနိုင်လိမ့်မည်ဟု ECB က ထုတ်ဖော်ပြောကြားခဲ့သည်။

အီလက်ထရွန်းနစ်ငွေပေးချေမှုများ တိုးတက်လာသည်နှင့်အမျှ တရုတ်နှင့် ဂျပန်နိုင်ငံတို့ အပါအဝင် ကမ္ဘာအနှံ့အပြားရှိ ဗဟိုဘဏ်ပေါင်း (၁၀၀) ကျော်သည် ဒစ်ဂျစ်တယ်ငွေကြေးများအသုံးပြုရန် စူးစမ်းရှာဖွေခြင်း (သို့မဟုတ်) ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်လာနေပြီဖြစ်ပါသည်။

အမေရိကန်ဗဟိုဘဏ်၊ အင်္ဂလန်ဘဏ်နှင့် ကနေဒါဘဏ်တို့သည် ဒစ်ဂျစ်တယ်ငွေကြေးစီမံကိန်းနှင့်စပ်လျဉ်း၍  ပိုမိုသတိထားကြသူများထဲတွင် ပါဝင်နေကြောင်း ဖော်ပြထားပါသည်။

 

 

 

Source:         https://www.dw.com/en/european-central-bank-moves-digital-euro-to-next-phase/a-67143744

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: International News