International News

လျှပ်စစ်မော်တော်ကား ဝယ်လိုအား အတက်အကျပေါ်ရှိ ထုတ်လုပ်သူများ

Last Updated:

နိုင်ငံတကာ ကားထုတ်လုပ်သူများသည် ၂၂-၃-၂၀၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် 2023 Bangkok International Motor Show တွင် လျှပ်စစ်မော်တော်ကားများအတွက် ခိုင်မာသော ရောင်းအားဖြစ်မည်ဟု မျှော်လင့်ကြသည်။ ကုမ္ပဏီအများစုသည် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်သို့ ဖြန့်ချိနိုင်ရန်အတွက် လျှပ်စစ်မော်တော်ကားများကို ထိုင်းနိုင်ငံအတွင်း တပ်ဆင်ရန်မှန်းထားကြသည်။

ဂျပန်ထုတ်ကားများကို ပြည်တွင်းတွင် ဖြန့်ချိနေသူ Tri Petch Isuzu က ၎င်း၏ မိခင်ကုမ္ပဏီသည် လျှပ်စစ်မော်တော်ကားထုတ်လုပ်ခြင်းအတွက် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍ ဥရောပသို့ တင်ပို့ရန် စီစဉ်ထားကြောင်းပြောကြားပါသည်။ လျှပ်စစ် Pickup များသည် Isuzu ၏ ဦးတည်ချက်ဖြစ်ပြီး မကြာသေးမီက D-Max ဘတ္တရီလျှပ်စစ်မော်တော်ကားကို ဂျပန်နိုင်ငံတွင် မိတ်ဆက်ခဲ့ကြောင်း  Tri Petch Isuzu ၏ ဥက္ကဋ္ဌ ဖြစ်သူ Takashi Hata က ပြောကြားသည်။ ၎င်းတို့အနေဖြင့် ဥရောပတွင် ဝယ်လိုအား မြင့်မားလာကြောင်းတွေ့ရှိရပါက ထိုင်းနိုင်ငံတွင် ဘတ္တရီလျှပ်စစ်မော်တော်ကားထုတ်လုပ်ခြင်း အခြေစိုက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။

ထိုင်းနိုင်ငံ ပြည်သူများအနေဖြင့် ဆီသုံး Pickup ကားများကို ကြိုက်နှစ်သက်ကြပါသည်။ ပြီးခဲ့သည့်နှစ်အတွင်းက နိုင်ငံအတွင်းတွင် Pickup ၁၇၅,၄၂၅ စီး ရောင်းခဲ့ရပြီး ပြည်တွင်း ဈေးကွက်တွင် ဈေးကွက်ပိုင်ဆိုင်မှု ၄၅.၂ ရာခိုင်နှုန်းဖြင့် အကြီးဆုံးဈေးကွက်ဖြစ်ခဲ့ပြီး၊ ယင်းသည်လည်း မှတ်တမ်းတင်ခဲ့သည် ကုမ္ပဏီ၏ ရောင်းအားများအနက် နှစ် ၄၀ အတွင်း အမြင့်ဆုံးရောင်းအားဖြစ်ခဲ့သည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တွေ့ကြုံနေရသည့် လျှပ်ကူးပစ္စည်း (semiconductor) ပြတ်တောက်မှုကို ယခုနှစ်အတွင်း ဖြေလျှော့နိုင်ရန် Isuzu အနေဖြင့် မျှော်လင့်ထားကြောင်း ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Takashi Kasahara က ပြောသည်။

လျှပ်စစ်မော်တော်ကား၏ အစိတ်အပိုင်းဖြစ်သည့် Chip ရှားပါးခြင်းသည်လည်း အတားအဆီးတစ်ခု ဖြစ်သည်။ လျှပ်ကူးပစ္စည်းပြတ်တောက်မှုသည် ၁၀၀ ရာခိုင်နှုန်း အဆင်ပြေနေပြီ ဖြစ်ကြောင်း ၎င်းကပြောသည်။

Isuzu အရ အခြားသော စီးပွားရေးဆိုင်ရာအချက်များဖြစ်သည့် ငွေကြေးဖောင်းပွမှုမြင့်မားခြင်းနှင့် အိမ်ထောင်စုတစ်ခုချင်းစီ၏ ကြွေးမြီများသည်လည်း ဝယ်လိုအားကို အားပျော့စေနိုင်ပြီး ကားထုတ်လုပ်ခြင်းအပေါ်တွင်လည်း သက်ရောက်မှုရှိနိုင်သည်။ လာမည့် အထွေထွေရွေးကောက်ပွဲတွင် အားကောင်းစေမည့် ထိုင်းမော်တော်ယာဉ် ထုတ်လုပ်မှု တိုးတက်မှုအတွက် ကုမ္ပဏီအနေဖြင့် အပြုသဘောဆောင်ပါကြောင်း Mr. Kasahara က ပြောကြားပါသည်။

အကြီးဆုံး မော်တော်ကားထုတ်လုပ်သူ Toyota သည်လည်း ထိုင်းနိုင်ငံတွင် လျှပ်စစ်မော်တော်ကား ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ချဲ့ထွင်ခြင်းအတွက် စိတ်အားထက်သန်လျက်ရှိပါသည်။ Toyota Motor Thailand မှ ဥက္ကဋ္ဌ ဖြစ်သူ Noriaki Yamashita က ထိုင်းနိုင်ငံသည် ဒေသတွင်းတွင် ကြီးမားသော လျှပ်စစ်မော်တော်ကား ဈေးကွက်အဖြစ် ဖွံ့ဖြိုးလာနိုင်သဖြင့် လျှပ်စစ်မော်တော်ကားများကို ထိုင်းနိုင်ငံတွင် တပ်ဆင်ရန် စီစဉ်ထားကြောင်း၊ အထူးသဖြင့် လျှပ်စစ် Toyota Hilux ဖြစ်ကြောင်း၊ လျှပ်စစ်မော်တော်ကား ထုတ်လုပ်သည့် စက်ရုံကို ထိုင်းနိုင်ငံတွင် တည်ဆောက်ရန် စိတ်ဝင်စားမှုရှိသော်လည်း ကုမ္ပဏီအနေဖြင့် လျှပ်စစ် မော်တော်ကား ဝယ်လိုအား သိသိသာသာ တိုးတက်လာမှုကို ဦးစွာစောင့်ကြည့်ရန် လိုအပ်ကြောင်း ‌ပြောကြားပါသည်။

အစိုးရ၏ ရှင်းလင်းသော မူဝါဒများသည် လျှပ်စစ်မော်တော်ကား စက်ရုံတိုးတက်မှုအတွက် အရေးကြီးသော အချက်ဖြစ်ကြောင်း၊ ပြပွဲတွင် Audi RS e-torn GT နှင့် A4 စသည့် လျှပ်စစ်မော်တော်ကား (၂) မျိုးကို မိတ်ဆက်ထားပါကြောင်း ထိုင်းနိုင်ငံတွင် Audi မော်တော်ကား တင်သွင်းဖြန့်ချိသူ Grisnagorn Sawettanan က ပြောကြားပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: https://www.bangkokpost.com/business/

Category: International News