International News

၂၀၂၅ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ စီးပွားရေးအလားအလာ

Last Updated:

ထိုင်းနိုင်ငံစီးပွားရေးသည် ကပ်ရောဂါ၏ သက်‌ရောက်မှုကို အပြင်းအထန်ခံစားခဲ့ရသည့် ၂၀၂၂-၂၀၂၃ ခုနှစ်နောက်ပိုင်းတွင် ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ ကိုဗစ်အလွန် စီးပွားရေး ပြန်လည်ကောင်းမွန်လာမှုသည် ဒေသတွင်းအခြားသော နိုင်ငံများထက် နောက်ကျနေခဲ့ပြီး ၂၀၂၁ ခုနှစ် တွင် GDP တိုးတက်မှုသည် ၁.၅ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၂.၆ ရာခိုင်နှုန်း နှင့် ၂၀၂၃ ခုနှစ်တွင် ၁.၉ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း GDP တိုးတက်မှုသည် ၂.၃ ရာခိုင်နှုန်း ဖြစ်သဖြင့် တစ်နှစ်ပတ်လုံးအတွက် ခန့်မှန်းချက်သည် ၂.၇ ရာခိုင်နှုန်း ဖြစ်နိုင်သည်ဟု ငွေကြေးမူဝါဒရုံးက ခန့်မှန်းထားကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည့် စားသုံးမှု၊ ပို့ကုန်၊ ခရီးသွားနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုစသည့် အချက် ၄ ချက်အပေါ် အခြေခံထားသဖြင့် မျှော်လင့်ချက်ရှိနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားထားပါသည်။ ပုဂ္ဂလိက စားသုံးမှုသည်လည်း ၂၀၂၄ ခုနှစ်ထက် တိုးတက်လာနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ၂၀၂၅ ခုနှစ်အတွက် အပြုသဘောဆောင်သည့် အချက်များဖြစ်သော ပုဂ္ဂလိက စားသုံးမှုသည် ၂.၉ ရာခိုင်နှုန်း၊ အဓိက ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများ၏ စီးပွားရေးအခြေအနေ တိုးတက်လာမှုကြောင့် ကမ္ဘာ့ဝယ်လိုအားမှ ရရှိလာနိုင်သည့် ပို့ကုန်သည် ၃.၁ ရာခိုင်နှုန်း၊ နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှုသည် ၃၉ သန်း ခန့်မှန်းထားသဖြင့် ၈.၃ ရာခိုင်နှုန်း၊ အဆင့်မြင့်ပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် နည်းပညာများကို အသုံးပြုထားသော စက်မှုလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့မှ ခွင့်ပြုချက်ရရှိပြီးသော ပုဂ္ဂလိက ကဏ္ဍရင်းနှီးမြှုပ်နှံမှုသည် ၂.၃ ရာခိုင်နှုန်း အသီးသီးတိုးတက်မှုရှိနိုင်ကြောင်း ငွေကြေးမူဝါဒရုံး ညွှန်ကြားရေးမှူးချုပ် Mr. Pornchai Thiraveja က ပြောကြားထားပါသည်။

ဘဏ္ဍာငွေသုံးစွဲမှုအရှိန်မြင့်တက်လာခြင်းနှင့် လေဆိပ် ၃ ခုကို ချိတ်ဆက်မည့် အမြန်ရထားလမ်း၊ လန်ချဘန်းဆိပ်ကမ်းပြုပြင်နေမှုအဆင့် (၃) နှင့် ယှဉ်ပြိုင်မှုကို မြှင့်တင်ရန်နှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးမည့် နှစ်လမ်းသွားရထားလမ်းစီမံကိန်း စသည့် အစိုးရဦးဆောင်သော အခြေခံ အဆောက်အဦစီမံကိန်းများကြောင့် အစိုးရရင်းနှီးမြှုပ်နှံမှုသည် ၄.၇ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း ငွေကြေးမူဝါဒရုံးက ခန့်မှန်းထားပါသည်။ ၂၀၂၅ ခုနှစ် စီးပွားရေး တည်ငြိမ်မှုနှင့် စပ်လျဉ်း၍ Headline ငွေကြေးဖောင်းပွမှုသည် ၁ ရာခိုင်နှုန်းတွင် ရှိနေနိုင်ပြီး Current account ပိုငွေသည် အမေရိ ကန်ဒေါ်လာ ၁၀ ဘီလီယံနှင့် ကုန်သွယ်မှုပိုငွေသည် အမေရိကန်ဒေါ်လာ ၁၂.၅ ဘီလီယံရှိနိုင်ကြောင်း ငွေကြေးမူဝါဒရုံးက ခန့်မှန်းထားပါသည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် စွမ်းအင်ဈေးနှုန်းမြင့်တက်နိုင်ခြင်း၊ တရုတ်နှင့် အမေရိကန်တို့အကြား မဟာဗျူဟာကျသော အားပြိုင်မှုများ၊ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေ အငြင်း ပွားမှု စသည်တို့ကဲ့သို့သော ပထဝီဝင်နိုင်ငံ‌ရေးတင်းမာမှုများသည် အရှိန်မြင့်တက်လာသောကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် ကန့်သတ်ချက်များ ဖြစ်ကြောင်း Think Tank က လေ့လာ သုံးသပ်ထားပါသည်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက အုပ်စုများဖြင့် ဖွဲ့စည်း ထားသည့် BRICS အခန်းကဏ္ဍတိုးချဲ့လာမှုနှင့် တရုတ်၊ ရုရှား၊ အီရန်နှင့် မြောက်ကိုရီးယားတို့ဖြင့် ဖွဲ့စည်းထားသည့် CRINK နိုင်ငံများ၏ အလွတ်သဘော မဟာဗျူဟာကျ ပေါင်းစပ်မှုများကြောင့် အမေရိကန်က ဟန်ဆောင်မှုကို ဖြစ်ပေါ်လာစေနိုင်ကြောင်း သိရှိရပါသည်။

အခြားဆုံးရှုံးနိုင်ခြေများမှာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ စီးပွားရေးမူဝါဒများ၊ ထိုင်းနိုင်ငံ၏ အဓိက ကုန်သွယ်ရေးမိတ်ဖက်များ၏ စီးပွားရေးပြန်လည်ကောင်းမွန်မှု၊ အနာဂတ်တွင် သုံးစွဲမှုကို ကျဆင်းစေနိုင်သည့် အိမ်ထောင်စုနှင့် စီးပွားရေးလုပ်ငန်းကြွေးမြီမြင့်တက်လာမှုနှင့် စီးပွား ရေးကို သက်ရောက်နိုင်သည့် ပြည်နယ်များစွာရှိ ရေကြီးမှုတို့ဖြစ်ကြောင်း ငွေကြေးမူဝါဒရုံးက သုံးသပ် ထားပါသည်။ ၂၀၂၄ ခုနှစ်တွင် နောက်ကျခဲ့သော အစိုးရ၏ အသုံးစရိတ်သည် ၂၀၂၅ ခုနှစ်တွင် ပုံမှန်သို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း၊ ၂၀၂၅ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် ပမာဏ ဘတ် ၃.၇၅ ထရီ လီယံ၏ စုစုပေါင်း သုံးစွဲမှုသည် ဘတ် ၃.၅ ထရီလီယံသို့ ရောက်ရှိရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုသည် ထိုင်းနိုင်ငံ၏ ပို့ကုန်ကို တွန်းအားဖြစ်စေသည့် အီလက်ထရောနစ် ကဏ္ဍတွင် အတက်ဖက်သို့ ဦးတည်နေသောကြောင့် ၂.၆ ရာခိုင်နှုန်းမှ ၂.၈ ရာခိုင်နှုန်း အကြား တိုးတက်နိုင်ကြောင်း၊ အစိုးရ၏ စီးပွားရေးလှုံ့ဆော်သည့် အစီအမံများကြောင့် ၂၀၂၅ ခုနှစ် အတွက် GDP တိုးတက်မှုသည် ၃ ရာခိုင်နှုန်းရှိနိုင်ပြီး ဗဟိုဘဏ်က ဘဏ္ဍာ‌ရေးဆိုင်ရာ အစီအမံများကို အသုံးပြုခဲ့ပါက ၃.၅ ရာခိုင်နှုန်းထိ တိုးတက်နိုင်သည့် အလားအလာရှိကြောင်း Joint Standing Committee on Commerce, Industry and Banking (JSCCIB) က ခန့်မှန်းထားပါသည်။

လက်ရှိဖြစ်ပွားနေသော ပထဝီဝင်နိုင်ငံရေး တင်းမာမှုများနှင့် ဘတ် အတက်အကျဖြစ်မှုတို့ ကြောင့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံအတွက် စိန်ခေါ်မှုများကြုံတွေ့နိုင်ကြောင်း၊ ပို့ကုန်အတားအဆီး များမှာ ပထဝီဝင်နိုင်ငံ‌ရေး ပဋိပက္ခများ၊ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တင်းကျပ်လာမှုနှင့် ဘတ်ငွေမတည်ငြိမ်မှုတို့ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် စွမ်းဆောင်ရည် ကောင်းမွန်ခဲ့သော ဆန်နှင့် ရာဘာ စိုက်ပျိုးရေး ပို့ကုန်များသည် ၂၀၂၅ ခုနှစ်တွင် ယှဉ်ပြိုင်မှု ပြင်းထန်နိုင်ပြီး သကြားပို့ကုန်သည် တိုးတက်မှုရှိနိုင်ကြောင်း၊ ယှဉ်ပြိုင်မှုတွင် ကျဆင်းလာခဲ့သဖြင့် ၂၀၂၅ ခုနှစ် အတွက် ပို့ကုန်တိုးတက်မှု သည် အနည်းငယ် တိုးတက်နိုင်ခြင်း သို့မဟုတ် တစ်သမတ်တည်းလည်း ဖြစ်နိုင်ကြောင်း Thai National Shippers’ Council က ခန့်မှန်းထားပါသည်။

အစိုးရအနေဖြင့် နိုင်ငံ၏ စီးပွားရေးမောင်းနှင်မှုအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးခြင်းဖြင့် GDP တိုးတက်နိုင်ရန် “Thai Nation” မဟာဗျူဟာကို လက်ခံကျင့်သုံးစေလို ကြောင်း၊ ထို့ပြင် ပို့ကုန်များကို ပြန်လည်ပြင်ဆင်သင့်ပြီး ၂၀၃၂ ခုနှစ်တွင် ကုန်သွယ်မှုနိုင်ငံတစ်ခု ဖြစ်စေ ရုံသာမက ၁ နှစ်လျှင် ပို့ကုန် ၅ ရာခိုင်နှုန်းတိုးတက်မှု ရှိနိုင်စေရန် ထိုင်းနိုင်ငံ၏ ပို့ကုန်ယှဉ်ပြိုင်နိုင်မှု ကိုလည်း အထောက်အကူပြုရာရောက်ပါကြောင်း၊ ပန်းတိုင်ကို ရောက်ရှိစေရန်မှာ ရေရှည်ယှဉ်ပြိုင်နိုင် မှုကို တိုးမြှင့်ရန် တီထွင်ဆန်းသစ်သော နည်းပညာများကို မြှင့်တင်ခြင်းဖြင့် ထုတ်ကုန်များကို တိုးတက် စေရန်၊ ရှိပြီးဈေးကွက်များကို ထိန်းထားရန်နှင့် အရှေ့အလယ်ပိုင်း၊ အိန္ဒိယနှင့် အာဖရိက ကဲ့သို့သော အလားအလာရှိသည့် ဈေးကွက်သစ်များ ရှာဖွေရန်ဖြစ်ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း လျင်မြင်စွာပြောင်းလဲနေသော လုပ်ငန်းပုံစံများနှင့် အမီလိုက်နိုင်စေရန် အရည်အသွေးမြှင့်တင်ခြင်း သို့မဟုတ် ပြန်လည်သင်တန်းပေးခြင်းတို့ကို အားပေးသင့်ကြောင်း  Thai National Shippers’ Council (TNSC) ဥက္ကဋ္ဌ Mr. Chaichan Charoensuk က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ကုန်သွယ်မှုအလားအလာရှိသော မိတ်ဖက်နိုင်ငံများနှင့် FTA လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ထို့ပြင် ရှိပြီးသောဈေးကွက်များကို ထိန်းထားခြင်းနှင့် ဈေးကွက်သစ်များရှာဖွေနိုင်ရေး ကိုလည်း ပုဂ္ဂလိကကဏ္ဍက အဆက်မပြတ်သုံးသပ်ထောက်ပြလျက်ရှိပါသည်။ နောက်ပိုင်းတွင် ပို့ကုန်များအပေါ် နိုင်ငံအများစုက သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်မှုကို သတ်မှတ်ချက်တစ်ခုအနေဖြင့် ကန့်သတ်လာနိုင်ရာ သတိပြုရမည့် အချက်တစ်ချက်ဖြစ်လာနိုင်ပါသည်။ ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများမြင့်တက်လာမှုနှင့် အမေရိကန်၏ စီးပွားရေးမူဝါဒများသည် ပို့ကုန်အခြေပြုနိုင်ငံများအနေဖြင့် စောင့်ကြည့်ရမည့် အချက်များဖြစ်ကြောင်း သိရှိရပါသည်။         

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News