ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(GCC)သည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ၎င်း၏ စီးပွားရေးအနေအထားကို ဆက်လက်ခိုင်မာစေရန် လုပ်ဆောင်နိုင်ခဲ့ပြီး ဒေသတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြင့်တက်လာခဲ့ကာ ပြန်လည်ကောင်းမွန်လာသော ကုန်သွယ်မှုနှင့်တည်ငြိမ်သောဘဏ္ဍာရေးတိုးတက်မှုတို့ကို ညွှန်ပြသည့်အချက်အလက်အသစ်များကို ရရှိခဲ့ပါသည်။
GCC စာရင်းအင်းစင်တာမှ ကိန်းဂဏန်းများအရ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၂၃.၄ ဘီလီယံခန့်ရောက်ရှိခဲ့ကြောင်းဖော်ပြထားပါသည်။၎င်းသည် ဒေသတွင်းစုစုပေါင်းနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၈၀ % ခန့်ကို ကိုယ်စားပြုပြီး ပင်လယ်ကွေ့ဒေသနိုင်ငံများ၏ ဈေးကွက်များအပေါ် နိုင်ငံတကာယုံကြည်မှုတိုးပွားလာမှုကို ထင်ဟပ်စေခဲ့ပြီး ယခုနှစ်အတွင်း GCC တွင် ကမ္ဘာလုံးဆိုင်ရာ FDI စီးဝင်မှု၏ ၅ % ခန့်ရှိကြောင်းဖော်ပြထားပါသည်။
GCC နိုင်ငံများ၏ အတွင်းပိုင်းရင်းနှီးမြှုပ်နှံမှုများမှာလည်း တိုးချဲ့လာနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၈၈.၂ ဘီလီယံမှ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၃၀.၃ ဘီလီယံအထိ မြင့်တက်လာခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုဦးတည်ရာအဖြစ် ဒေသတွင်းဆွဲဆောင်မှုကို အားကောင်းစေ သည့်အခြေခံအဆောက်အအုံ၊ နည်းပညာနှင့် ခေတ်မီဥပဒေများတွင် တိုးတက်မှုများကြောင့် မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု အစိုးရအာဏာပိုင်များက ယူဆထားကြပါသည်။
၂၀၂၃ ခုနှစ် အတွင်း တစ်စည်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၈၂.၅ မှ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၈၀.၅ အထိကျဆင်းသွားခဲ့သောရေနံဈေးနှုန်းများမှာ လျော့ကျလျက်ရှိသော်လည်း ပြည်ပကုန်စည်ကုန်သွယ်မှုမှာ ၂၀၂၄ ခုနှစ်အတွင်း ၁.၁ % သာတိုးတက်မှုရှိခဲ့ကြောင်း မှတ်တမ်းတင်ထားရှိပါသည်။ စီးပွားရေးလုပ်ငန်းများကို ကွဲပြားစေရန် ဆက်လက်ကြိုးပမ်းမှုများကြောင့် ရေနံမဟုတ်သောပို့ကုန်များမှာ သိသိသာသာတိုးတက်လျက်ရှိကြောင်း မြင်တွေ့ခဲ့ရပါသည်။ ဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်များအနေဖြင့် ယှဉ်ပြိုင်မှုမြင့်မားလျက်ရှိသည့်အတွက် ပြန်လည်တင်ပို့မှုလုပ်ငန်းဆောင်ရွက်ချက်များမှာလည်း တိုးတက်လာခဲ့ပါသည်။
၂၀၂၄ ခုနှစ်အတွင်း အများပြည်သူဝင်ငွေသည် အမေရိကန်ဒေါ်လာ ၆၇၀.၂ ဘီလီယံခန့်သို့ ရောက်ရှိခဲ့ပြီး နှစ်စဉ် ၂ % တိုးတက်လာခဲ့ကာ အများပြည်သူအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၆၅၉.၃ ဘီလီယံရှိခဲ့ပါသည်။ဒေသတွင်းအာဏာပိုင်အစိုးရများမှ ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ အဆောက်အအုံနှင့်လူမှုရေးအစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ဘဏ္ဍာရေးပေါင်းစည်းမှုကို ဆက်လက်ဦးစားပေးဆောင်ရွက်ခဲ့ကြပါသည်။
သွယ်ဝိုက်အခွန်များစတင်ကောက်ခံခြင်းနှင့် ဝင်ငွေခွန်ကောက်ခံရန်အတွက် ဒစ်ဂျစ်တယ်စနစ်များတိုးတက်ကောင်းမွန်လာခဲ့ပြီးနောက် ရေနံမဟုတ်သော ကုန်သွယ်မှုကဏ္ဍများမှ ဝင်ငွေများသည် အစိုးရဝင်ငွေများတွင် ပိုမိုပါဝင်နိုင်ခဲ့ပါသည်။ အဆိုပါအစီအမံများသည် အများပြည်သူအကြွေးကို ထိန်းချုပ်ရန်နှင့် ဝန်ဆောင်မှုကုန်ကျစရိတ်များကို လျှော့ချရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
GCC နိုင်ငံများ၏အရင်းအနှီးဈေးကွက်များသည် ၂၀၂၄ ခုနှစ်အတွင်း အပြုသဘောဆောင်သော ရလဒ်များကို ပေးအပ်နိုင်ခဲ့ပြီး ဈေးကွက်အရင်းအနှီးမှာ အမေရိကန်ဒေါ်လာ ၄.၂ ထရီလီယံခန့်အထိမြင့်တက်လာခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ မရေမရာမှုများရှိနေသော်လည်း ကော်ပိုရိတ်အမြတ်အစွန်းများပိုမိုခိုင်မာလာခြင်း၊ ငွေကြေးဖောင်းပွမှုနည်းပါးလာခြင်းနှင့် အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတိုးလာခြင်းတို့က စွမ်းဆောင်ရည်ကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)