International News

၂၀၂၃ ခုနှစ်၊ ပထမ (၃) လပတ်ကာလအတွင်း တောင်ကိုရီးယားနိုင်ငံသည် စီးပွားရေး ကျဆင်းမှု အန္တရာယ်မှ သီသီလေးလွတ်မြောက်နိုင်ခဲ့

Last Updated:

၂၀၂၃ ခုနှစ်၊ ပထမ (၃) လပတ်ကာလဖြစ်သည့် ဇန်နဝါရီလမှ မတ်လအထိ ကာလ အတွင်း တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၂ ခုနှစ်၊ စတုတ္ထသုံးလပတ်ကာလနှင့် နှိုင်းယှဉ်ပါက ၀.၃ ရာခိုင်နှုန်း တိုးတက်လာသည့်အတွက်  စီးပွားရေးကျဆင်းမှုအန္တရာယ်မှ သီသီလေးလွတ်မြောက်နိုင်ခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်က ၂၄-၄-၂၀၂၃ ရက်နေ့ က ထုတ်ပြန်ခဲ့သောစာရင်း ဇယားများအရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ပထမ (၃) လပတ်ကာလအတွင်း တောင်ကိုရီးယားနိုင်ငံသည် စီးပွားရေး တိုး တက်လာသော်လည်း ၂၀၂၂ ခုနှစ်၊ စတုတ္ထသုံးလပတ်ကာလအတွင်း၌မူ တောင်ကိုရီးယား နိုင်ငံ၏ စီးပွားရေးသည် ၀.၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း၊ (၃) လပတ်ကာလနှစ်ခု ဆက်တိုက် စီးပွားရေး ဆက်လက်ကျဆင်းလာပါက စီးပွားရေးကျဆင်းသည် (Recession) ဟု မှတ်ယူကြကြောင်း ဖော်ပြပါရှိပါသည်။

၂၀၂၃ ခုနှစ်၊ ပထမ (၃) လပတ်ကာလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး ပြန်လည် ကောင်းမွန်လာခြင်းမှာ ပို့ကုန်တင်ပို့မှု တိုးတက်ခဲ့ပြီး ပြည်တွင်းဝယ်လိုအားလည်း မြင့်မားလာသည့်အတွက် ဖြစ်ပါသည်။ သို့သော် တစ်နှစ်ပတ်လုံးအနေဖြင့် စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးမည်ဟု မျှော်မှန်းထားကြပါသည်။ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများတွင် ငွေကြေးဖောင်းပွနှုန်း မြင့်မားမှုကို ထိန်းချုပ်ရန် ပြဌာန်းလာသည့် တင်းကျပ် သော ငွေကြေးမူဝါဒများကြောင့် ဝယ်လိုအားများ ကျဆင်းနေသည့်အတွက် တောင်ကိုရီးယားနိုင်ငံ၏ တင်ပို့မှုလည်း ကျဆင်းလာကာ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးမည်ဟု မျှော်မှန်းကြခြင်း ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုပမာဏ (၆) လဆက်တိုက် ကျဆင်းခဲ့ကြောင်း၊ ပြည်တွင်း ငွေကြေးဖောင်းပွနှုန်းကို ထိန်းချုပ်ရန် တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်က အတိုးနှုန်းကို ၃.၅ ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်သည့်အတွက် ပြည်တွင်းရှိ လူတစ်ဦးချင်းသုံးစွဲနှုန်း အပေါ်တွင်လည်း ဖိအားဖြစ်စေကြောင်း ဖော်ပြပါရှိပါသည်။ 

ပြည်တွင်း၊ ပြည်ပမှ တင်းကျပ်သော ငွေကြေးမူဝါဒများကြောင့် ၂၀၂၂ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းသည် ကနဦးခန့်မှန်းထားသည့် ၄.၁ ရာခိုင် နှုန်းထက် များစွာလျော့နည်းခဲ့ကာ ၂.၆ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပါသည်။ ယင်းနှုန်းထားသည် ၂၀၂၀ ပြည့်နှစ်မှ စတင်၍ အနှေးကွေးဆုံးနှုန်းထားဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွက် စီးပွားရေးတိုးတက်နှုန်းကိုလည်း  ၁.၆ ရာခိုင်နှုန်းသာ ရှိလိမ့်မည်ဟု တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (The Organization for Economic Cooperation and Development- OECD) တို့က ခန့်မှန်းထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)
Source:  Korea Joongang Daily (25-4-2023)

Category: International News