International News

တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်ကဏ္ဍတွင် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး ဆိုင်ရာအလေ့အထများမှ အမေရိကန်အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန် အမေရိကန်အစိုးရက အရေးယူမှုပြုလုပ်ခဲ့

Last Updated:

တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်ကဏ္ဍတွင် တရုတ်နိုင်ငံ၏  ကုန်သွယ်ရေးဆိုင်ရာအလေ့ အထများမှ  အမေရိကန်အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန် အမေရိကန်အစိုးရက အရေးယူမှုပြုလုပ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်ဝက်ဘ်ဆိုက်တွင်ဖော်ပြခဲ့ပါသည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကဏ္ဍရှိ ထုတ်ကုန်များဖြန့်ဖြူးရာတွင် ဘေးကင်းလုံခြံမှုနှင့် ခံနိုင်စွမ်းရှိမှုတို့သည် အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးတို့အတွက် အရေးပါပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်းများသည် အမေရိကန်နိုင်ငံသားများနေ့စဉ်မှီခိုနေရသည့် စီးပွားရေး၊ ကျန်းမာရေးသုံးပစ္စည်းကိရိယာများ၊ အရေးကြီးသည့်အခြေခံအဆောက်အအုံများ၊ လေကြောင်းနှင့် ကာကွယ်ရေးစနစ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက်လည်း အဓိကကျသည့် ကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကဏ္ဍရှိ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ကို  မူဝါဒများ ချမှတ်ကာ အချိန်ပြည့်လုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါသည်။

ထို့ကြောင့် သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် တရုတ်နိုင်ငံက ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (Legacy သို့မဟုတ် mature node chips ဟုလည်းခေါ်ဆိုပါသည်) အပေါ် ပုဒ်မ ၃၀၁ အရ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်၊ ယင်းသို့စုံစမ်းစစ်ဆေးရာတွင် တရုတ်နိုင်ငံ၏ Silicon carbide subtracts သို့မဟုတ် Semiconductors fabrication သို့ထည့်သွင်းအသုံးပြုသည့် Wafers များထုတ်လုပ်မှုနှင့် ပတ်သက် သော ပြုမူဆောင်ရွက်ချက်များ၊ မူဝါဒများနှင့် အလေ့အထများကို ဦးစွာစုံစမ်းစစ်ဆေးခြင်း စသည့် အရေးယူမှုများကို ချမှတ်ခဲ့ပါသည်။

ထို့ပြင် အမေရိကန်နိုင်ငံအတွင်းရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများအား ထောက်ပံ့ပေးသည့်အနေဖြင့် CHIPS and Science Act အရ အမေရိကန်ဒေါ်လာ (၂) ဘီလီယံကို အမေရိကန်လုပ်သားများထုတ်လုပ်သည့် အမေရိကန်နိုင်ငံထုတ် Chip များ ထုတ်လုပ်ရာတွင် ပံ့ပိုးပေးခြင်း၊           ဖက်ဒရယ်အဆင့် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ရှိ အမျိုးသား လုံခြုံရေးဆိုင်ရာအန္တရာယ်များကို လျှော့ချခြင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၏ အရေးပါသည့် အခြေခံအဆောက်အအုံများရှိ အဓိကအစိတ်အပိုင်းများသည် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများဖြစ်ပြီး ဖက်ဒရယ်အဆင့်အဖွဲ့အစည်းများသည် လုံခြုံပြီး ယုံကြည်စိတ်ချရသော Chips များ ဝယ်ယူ အသုံးပြုရမည်ဖြစ်ရာ တရုတ်စက်ရုံများနှင့် တရုတ်နှင့် ပတ်သက်သည့် စက်ရုံများမှ Chips များပါဝင်သည့် ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ရယူခြင်း၊ ဝယ်ယူအသုံးပြုခြင်းမှ တားမြစ်သည့် James M. Inhofe National Defense Authorization Act for FY 2023 ပါ ဥပဒေပြဋ္ဌာန်းချက်ကို အစိုးရအနေဖြင့် အကောင်အထည်ဖော်ခြင်း၊ အရေးပါသည့် အခြေခံအဆောက်အအုံများအတွက် ပြည်တွင်း၌ထုတ်လုပ်သည့် Chips များအသုံးပြုမှုကိုတိုးမြှင့်ရန် အကောင်းဆုံးနည်းလမ်းများ ရှာဖွေနိုင်ရေးအတွက် Request for Information (RFI) များ ထုတ်ပြန် ကြေညာခြင်းနှင့် ဖက်ဒရယ်အစိုးရသည် ပြည်တွင်းထုတ် Chips အသုံးပြုမှုအများဆုံး နိုင်ငံဖြစ်လာစေရေး ညွှန်ကြားချက်များထုတ်ပြန်ခြင်း စသည့်အရေးယူများကို ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် စတင်တာဝန်ယူသည့်အချိန်မှစ၍ ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက် ခံနိုင်စွမ်းရှိစေရန် ဆောင်ရွက်ခဲ့ပြီး အစိုးရ၏ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေး ကွင်းဆက်  သုံးသပ်ချက်အစီရင်ခံစာ (Government Quadrennial Supply Chain Review)ကို ၁၉-၁၂-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါသုံးသပ်ချက်အစီရင်ခံစာတွင် အရေးကြီး စက်မှုလုပ်ငန်းများရှိ ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်အပေါ်စိန်ခေါ်မှုများ ဖြစ်ပေါ်စေ သည့် ဈေးကွက်စီးပွားရေး စံနှုန်းနှင့်ကိုက်ညီမှုမရှိသည့်မူဝါဒများနှင့် အလေ့အထများကိုတုံ့ပြန်ရန် ဘက်စုံမဟာဗျူဟာများကို ဖော်ပြထားပါသည်။

ထို့ပြင် အစိုးရအနေဖြင့် ကမ္ဘာ့တစ်ဝှမ်းရှိ အမေရိကန်နိုင်ငံ၏မိတ်ဖက်များနှင့် ပူးပေါင်း၍ တစ်ပိုင်းလျှပ်ကူးပစ္စည်းကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက် ခိုင်မာအားကောင်းလာစေရန်နှင့် တရုတ်နိုင်ငံ၏မျှတမှုမရှိသည့် ကုန်သွယ်ရေးဆိုင်ရာ အလေ့အထများကို ဖော်ထုတ်ရန် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနသည် CHIPS and Science Act အရ အပြည်ပြည်ဆိုင်ရာနည်းပညာလုံခြုံရေးနှင့် တီထွင်မှု (International Technology Security and Innovation, ITSI) ရန်ပုံငွေကို ထူထောင်၍ ကော့စတာရီကာ၊ ပနားမား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ကင်ညာ၊ ဖိလစ်ပိုင်၊ မက္ကဆီကိုနိုင်ငံများ၌ တစ်ပိုင်းလျှပ်ကူးပစ္စည်း ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပံ့ပိုးပေးခဲ့ပါသည်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း အင်ဒို-ပစိဖိတ်ဒေသအတွင်းရှိ မိတ်ဖက်နိုင်ငံ (၁၃) နိုင်ငံနှင့်ပူးပေါင်း၍ အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင် (Indo-Pacific Economic Framework for Prosperity, IPEF) အောက်တွင် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက် ခံနိုင် စွမ်းရှိမှုဆိုင်ရာ သဘောတူစာချုပ်ကိုချုပ်ဆိုလျက် တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်မှုလုပ်ငန်းများနှင့် အခြားလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်ခံနိုင်စွမ်းရှိစေရန် ပူးပေါင်း ဆောင် ရွက်ခဲ့ပါသည်။ ထို့အပြင် ဂျီ-၇ နိုင်ငံများနှင့် လည်း စီးပွားရေးခံနိုင်စွမ်းရှိမှု တိုးတက်လာရန်၊ ဈေးကွက်ကို ပျက်စီးစေသည့်အချက်များကို ဖော်ထုတ်ရန်နှင့် အရေးပါသည့်ကဏ္ဍများတွင် နိုင်ငံတစ်နိုင်ငံ၏ကုန်ထုတ်လုပ်မှုပမာဏသည် ကမ္ဘာ့တစ်ဝှမ်းထုတ်လုပ်မှုပမာဏကို ကျော်လွန်ခြင်း မရှိစေရန် အမေရိကန်နိုင်ငံက ဦးဆောင်နိုင်ခဲ့ပါသည်။

သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် မိတ်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်မှုနှင့် မျှတသည့် ယှဉ်ပြိုင်မှုကိုအခြေခံသည့်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစနစ်များကသာ အမေရိကန်နိုင်ငံသား အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း အသိအမှတ်ပြုသဖြင့် အစိုးရအနေဖြင့် အမေရိကန်နိုင်ငံ၏မိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: International News