International News

ပြင်သစ်နှင့် ဂျာမန်ကုမ္ပဏီများက လျှပ်စစ်မော်တော်ကားဆိုင်ရာ အခွင့်အလမ်းများအပေါ် စိတ်ဝင်စား လျက်ရှိ

Last Updated:

ဇွန်လ ၁၈ ရက်မှ ၂၃ ရက်အတွင်း ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့တွင် ကျင်းပပြုလုပ်ခဲ့သော Roadshow ပြီးနောက် ပြင်သစ်နှင့် ဂျာမန်ကုမ္ပဏီများက ထိုင်းနိုင်ငံရှိ လျှပ်စစ်မော်တော်ကား စက်ရုံ များတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာကြကြောင်း ထိုင်းနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ ဒုတိယ အထွေထွေအတွင်းရေးမှူးဖြစ်သူ Mr. Wirat Tatsaringkansakul က ပြောကြားခဲ့ပါသည်။

ပြင်သစ်နှင့် ဂျာမန်ရင်းနှီးမြှုပ်နှံသူများက အာရှဈေးကွက်အတွက် ၎င်းတို့၏ ထုတ်လုပ်မှုများနှင့် ပြည်ပကုမ္ပဏီများကို ချဲ့ထွင်လိုကြောင်း၊ ၎င်းတို့က လျှပ်စစ်မော်တော်ကားအပြင် လျှပ်စစ်မော်တော်ကား အစိတ်အပိုင်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရှာဖွေလျက်ရှိပါကြောင်း Mr. Wirat က ဖြည့်စွက်ပြောကြားပါသည်။

မော်တော်ကားအစိတ်အပိုင်းများအတွက် ပြင်သစ်စီးပွားရေးလုပ်ငန်း အများစုသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်ပါကြောင်း၊ ဇန်နဝါရီလမှ ဇွန်လအတွင်း ပြင်သစ်ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ ၆ စောင်ကို တင်ပြထားပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခံစားခွင့်အတွက် ဘတ် ၂.၉ ဘီလီယံ လျှောက်ထားလာပါကြောင်း ၎င်းက ဆိုပါသည်။

ထိုင်းနိုင်ငံအစိုးရအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်လျက်ရှိရာ ပြည်တွင်း လျှပ်စစ်မော်တော်ကား ထုတ်လုပ်မှုကို မြှင့်တင်သွားမည့် မူဝါဒအရ အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရာတွင် လျှပ်စစ်မော်တော်ကားကဏ္ဍသည် အဓိကကဏ္ဍဖြစ်ကြောင်း Mr. Wirat က ဖြည့်စွက်ရှင်းလင်းပါသည်။

ဂျာမန်စီးပွားရေးလုပ်ငန်းများသည်လည်း ထိုင်းနိုင်ငံ၏ မော်တော်ကား စက်မှုလုပ်ငန်းတွင် အရေးပါသော ရင်းနှီးမြှုပ်နှံသူများ ဖြစ်ပါကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်အတွင်း ဘတ် ၅.၉ ဘီလီယံ တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၂ ခု လျှောက်ထားခဲ့ပါကြောင်း၊ အများစုမှာ မော်တော်ကားနှင့် စက်ပစ္စည်းကဏ္ဍအတွက် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က တရုတ်နိုင်ငံ၊ Chongqing နှင့် Chengdu မြို့တို့တွင် ဇူလိုင်လ ၁ ရက်နေ့အထိ လျှပ်စစ်မော်တော်ကားကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်မည့် Roadshow တစ်ခုကို ကျင်းပလျက်ရှိကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.gov   

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: International News