International News

အမေရိကန် IRS က AI အကူအညီဖြင့် အိမ်ခြံမြေလုပ်ငန်းများနှင့် Hedge Funds များကို စာရင်းစစ်ဆေးရန် ဆောင်ရွက်လျက်ရှိ

Last Updated:

အမေရိကန် Internal Revenue Services (IRS) က Artificial Intelligence (AI) အကူအညီဖြင့် အိမ်ခြံမြေလုပ်ငန်းများနှင့် Hedge Funds များကို စာရင်းစစ်ဆေးရန် ဆောင်ရွက်လျက်ရှိကြောင်းကို ၈-၉-၂၀၂၃ ရက်တွင် World Street Journal အွန်လိုင်းသတင်းတွင် “IRS, With AI Help, Readies Audits of Large Hedge Funds, Real Estate Firms” ခေါင်းစဉ်ဖြင့် ဖော်ပြထားရှိပါသည်။  

အမေရိကန်ပြည်တွင်းအခွန်ဌာန (Internal Revenue Service – IRS) သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် အစုစပ်လုပ်ငန်းကြီး (၇၅) ခုအား စာရင်းစစ်ဆေးရာတွင် အိမ်ခြံမြေလုပ်ငန်းများ နှင့် Hedge Funds များလည်းပါဝင်ကြောင်း၊ IRS အကြီးအကဲ Mr. Danny Werfel က ဉာဏ်ရည်တု (Artificial Intelligence – AI) အသုံးပြု၍ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံကျော်ရှိသည့် ကုမ္ပဏီများကို  စစ်ဆေးရန် အကြောင်းကြားမည့်စာကို လက်ခံရရှိမည်ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီမိုကရက်တစ်ပါတီ အစိုးရလက်ထက် ဥပဒေပြုလွှတ်တော်က အခွန်ထမ်းများအတွက် ဝန်ဆောင်မှုပေးသည့်စနစ်နှင့် နည်းပညာ တိုးတက်စေရန် အမေရိကန်ဒေါ်လာ ဘီလီယံ (၈၀) အထိ IRS ကို ခွင့်ပြုပေးခဲ့သော်လည်း ရီပတ်ဘလင်ကန် အမတ်များက အမေရိကန်ဒေါ်လာ ဘီလီယံ (၂၀) ကို ပြန်ရုပ်သိမ်းရန် သမ္မတဘိုင်ဒင်၏ သဘောတူညီမှုရရှိဆောင်ရွက်ခဲ့ကြပါကြောင်း၊ IRS အနေဖြင့် ပြည်သူများနှင့် ဥပဒေပြုသူလွှတ်တော်အမတ်များအား ၎င်းတို့ရရှိသည့် ရန်ပုံငွေကို ကောင်းမွန်စွာ အသုံးချလျက်ရှိကြောင်း ထုတ်ဖော်ပြသခြင်း ဖြစ်ပါကြောင်း၊ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ဘီလီယံ (၈၀) ကို IRS ၏ စီမံကိန်း အများအပြားအတွက် အသုံးပြုရန်ဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် IRS ကို ခွင့်ပြုပေးမည့် ရန်ပုံငွေကြောင့် ပါတီနှစ်ခု၏ နိုင်ငံရေးအရ တစ်ဘက်နှင့် တစ်ဘက် ထိုးနှက်နိုင်သည့်ကိစ္စရပ် ဖြစ်လာနိုင်ပါကြောင်း၊ IRS သည် ရရှိသည့်ရန်ပုံငွေဖြင့် မြန်မြန်ဆန်ဆန်နှင့် ပို၍သိသာစေသည့် အချက်ဖြစ်သော အခွန်ထမ်းများအတွက် ဝန်ဆောင်မှုပေးသည့် စနစ်ကို ဦးစွာ အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါစနစ်အရ ဝန်ထမ်းအရေအတွက် ထောင်ချီခန့် ထားရမည်ဖြစ်ပြီး tax-refund ပြန်ထုတ်ရာတွင် ကူညီပေးခြင်း၊ ဖုန်းဆက်သွယ်ရာတွင် စောင့်ဆိုင်းချိန်ကြာမြင့်မှုကို လျော့ချပေးခြင်းနှင့် ဝန်ထမ်းများကိုယ်တိုင် ဝန်ဆောင်မှုပေးသည့် စင်တာများ ဖွင့်လှစ်ခြင်းတို့ပါဝင်ကြောင်း၊ IRS အနေဖြင့် ယခုအခါ Cryptocurrency ပိုင်ဆိုင်သူများနှင့် ဆောက်လုပ်ရေး ကွန်ထရိုက်တာများက  Shell Company များသို့ ပေးချေမှုများပေါ်တွင်လည်း အခွန်ကောက်ခံရန် စီစဉ်လျက်ရှိပြီး အခွန်အကြွေးတင်သူများထံမှ ကောက်ခံမှု တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ကောက်ခံခြင်းကြောင့် အခွန်ရငွေ အမေရိကန်ဒေါ်လာ (၃၈) မီလီယံ ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

အစိုးရ၏ အသုံးစရိတ်ဥပဒေကြမ်း (The House Spending Bill) တွင် IRS ၏ ပုံမှန် အသုံးစရိတ်များကို လျော့ချနိုင်ကြောင်း၊ နှစ်အလိုက်ရန်ပုံငွေကို လျော့ချပါက IRS ၏ ပုံမှန်လုပ်ငန်း စဉ်များအတွက် ကာလရှည်ရန်ပုံငွေကို ဖြတ်တောက်ခြင်းဖြစ်သည်ဟု Mr. Danny Werfel က ပြောကြားခဲ့ပါကြောင်း ဖော်ပြထားပါသည်။

 

 

 

 

 

Source: https://www.wsj.com/politics/policy/irs-with-ai-help-readies-audits-of-large-hedge-funds-real-estate-partnerships-c70c9aea?mod=economy_lead_story

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: International News