International News

ဂျာမနီတွင် ဆောက်လုပ်ရေးဆိုင်ရာ တင်းကျပ်သော စည်းမျဉ်းများအား ဖျက်သိမ်း

Last Updated:

ဂျာမန်အစိုးရသည် နိုင်ငံအတွင်း တဖြည်းဖြည်း ကြီးထွားလာနေသော အိမ်ရာအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အချက်(၁၄)ချက်ပါ အစီအစဉ်တစ်ခုကို ၂၅-၉-၂၀၂၃ ရက်တွင် သဘော တူခဲ့ပါသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာလုပ်ငန်းများတွင် စိတ်ဓာတ်ကျဖွယ်ကောင်းသော အခြေအနေနှင့် ရင်ဆိုင်နေရသည့်အတွက် ဝန်ကြီးချုပ် Mr.Olaf Scholz နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အစိုးရခေါင်းဆောင်များသည် အရေးကြီး အစည်းအဝေးတစ်ခုကိုကျင်းပခဲ့ပြီး ယင်းအစည်းအဝေး ကျင်းပသည့်နေ့၌ အဆိုပါအစီအစဉ် ထွက်ပေါ်လာခဲ့ပါသည်။

ဂျာမနီတွင် လူအများစုဝယ်ယူနိုင်သော အိမ်ရာများကို ဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ သို့မှသာ အိမ်ရာဆောက်လုပ်ရေးကဏ္ဍ၌ ပိုမိုတိုးချဲ့လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ဘာလင်တွင် ဂျာမန်ဆောက်လုပ်ရေးလုပ်ငန်းမှ ကိုယ်စားလှယ်များနှင့် ပြုလုပ်ခဲ့သော အိမ်ရာအကျပ်အတည်း ကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးအပြီးတွင် ဝန်ကြီးချုပ် Mr. Scholzက ပြောကြားခဲ့သည်။

Mr. Scholz က အိုးအိမ်၊ မြို့ပြဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး Ms. Klara Geywitz နှင့် စကားပြောဆိုခဲ့စဉ်တွင် အဆောက်အဦများ ဆောက်လုပ်ခြင်းလုပ်ငန်းများ၌ မသေချာမရေရာဘဲ ထိန်းချုပ်ကန့်သတ်မှုများပြုလုပ်နေမှုများအပေါ်  ၎င်း၏အစိုးရအဖွဲ့သည် EH40 စွမ်းအင်ချွေတာရေးစံနှုန်းကို ဖြေလျှော့ပေးပြီး အဆောက်အဦများတည်ဆောက်မှုအတွက် လိုအပ်သောတင်းကျပ်သည့် အစီအမံများအား ချမှတ်ဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

The center-left Social Democrats (SPD), environmentalist Greens နှင့် neoliberal Free Democrats (FDP) တို့ပါဝင်သော ညွန့်ပေါင်းအစိုးရအဖွဲ့က ၂၀၂၅ ခုနှစ်မတိုင်မီ  H40 စံချိန်စံညွှန်းနှင့်အညီ ဖြစ်ပေါ်လာရေးကိစ္စအပေါ် သဘောတူထားခဲ့ကြပါသည်။ EH40 သည် အဆောက်အဦ တစ်ခုအတွက် လိုအပ်မည့်စွမ်းအင်၏ အကျိုးသက်ရောက်မှုကိုပြသော အတိုင်းအတာတစ်ခု ဖြစ်ပါသည်။ သို့သော်လည်း အတိုးနှုန်းများ မြင့်တက်လာခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအတွက် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် ဆောက်လုပ်ရေးနှင့် အိမ်ရာ လုပ်ငန်းများတွင် လက်ရှိအချိန်၌ အခက်အခဲများနှင့်ရင်ဆိုင်နေကြရသဖြင့် EH40ကို အဆောက် အဦ အသစ်များအတွက် မဖြစ်မနေ လိုအပ်သောတရားဝင်စံနှုန်းအဖြစ် ဥပဒေပြုရေးကာလတွင် ထည့်သွင်းခြင်းမပြုတော့ဘဲ ချန်လှပ်ထားလိမ့်မည်ဖြစ်ကြောင်း ညွန့်ပေါင်းအစိုးရအဖွဲ့၏ မူဝါဒ စာတမ်းအသစ်တွင် ဖော်ပြထားပါသည်။

အတိုးနှုန်းနှင့် ငွေကြေးဖောင်းပွမှုမြင့်မားလာခြင်းတို့သည် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်သည်ဟု ဂျာမန်စီးပွားရေးဝန်ကြီး Robert Habeck ၏  ၂၅-၉-၂၀၂၃ ရက်က ပြောကြားချက်ကို Reuters သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။ လျှပ်စစ်အသုံးပြုမှု ချွေတာကာကွယ်ရေးဆိုင်ရာ အစီအစဉ်များသည် မူလကပင် လျော့ရဲကျဆင်း နေသောဆောက်လုပ်ရေးစျေးကွက်အား ပိုမိုထိခိုက်သွားစေလိမ့်မည်ဟု ဆောက်လုပ်ရေးလုပ်ငန်းများက ထောက်ပြပြောကြားလျက်ရှိသည့်အတွက် အဆိုပါအစီအစဉ်များကို ဆိုင်းငံ့ထားနိုင်ပါကြောင်း စီးပွားရေးဝန်ကြီးက မှတ်ချက်ပြုခဲ့သည်။ အစိုးရအနေဖြင့် ယခုနှစ်မှ ၂၀၂၇  ခုနှစ်အထိ ကာလများအတွင်း အဆိုပါကဏ္ဍ၌ ယူရို ၁၈ ဘီလီယံ(အမေရိကန်ဒေါ်လာ၁၉.၀၆ ဘီလီယံ)ခန့် စံချိန်တင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

အခြားသော အစီအမံများတွင် ရာသီဥတုနှင့် လိုက်လျောညီထွေရှိစေရေးအတွက် ရုပ်ကြွင်းလောင်စာ အပူပေးစနစ်များကို အစားထိုးနိုင်ရန် ရည်ရွယ်လျက် လက်ခံနိုင်သော ကြွေးမြီပမာဏများထဲမှ ရာသီဥတုအတွက် သီးခြားအစီအစဉ်တစ်ခုအနေဖြင့် တိုးချဲ့သုံးစွဲသွားနိုင်ရေးကိစ္စ ပါဝင်ပါသည်။

ပတ်ဝန်းကျင်စံချိန်စံနှုန်းများကို သက်သာခွင့်ပေးသကဲ့သို့ အိမ်ရာများ ဆောက်လုပ်ရာတွင်လည်း အစီအစဉ်တကျ ဆောက်လုပ်နိုင်ရန် အသင့်စီမံထုတ်လုပ်ထားသော အစိတ်အပိုင်းများဖြင့် ဆောက်လုပ်ခြင်းကလည်း အလုံးစုံချွေတာမှုအတွက် အဓိကကျသော လုပ်ဆောင်ချက်တစ်ခုဖြစ် ကြောင်း ဝန်ကြီးချုပ် Scholzက ပြောကြားခဲ့သည်။

ယခင် EH40 အစီအစဉ်သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် လပေါင်းများစွာ အပြင်းအထန် ဝေဖန်ခြင်းခံခဲ့ရပြီးဖြစ်သည်။

အတိုးနှုန်းများ ကျဆင်းနေစဉ်တွင် ဖယ်ဒရယ်၊ ပြည်နယ်နှင့် ဒေသန္တရအဆင့်များ၌ စံသတ်မှတ်ချက်ထက် ပိုမိုမြင့်မားကောင်းမွန်သော အိမ်ရာများ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း အိုးအိမ်ဝန်ကြီး Ms. Klara Geywitz (SPD) က ပြည်သူ့အသံလွှင့်ဌာန ARD သို့ ပြောကြားခဲ့သည်။

ယခုအချိန်တွင် ဆောက်လုပ်‌ရေးလုပ်ငန်းများ၌ စံချိန်စံနှုန်းများကို တတ်နိုင်သမျှလျှော့ချပြီး ကုန်ကျစရိတ်များပါ လျှော့ချရမည်ဖြစ်ကြောင်းကို  အစိုးရအဆင့် သုံးဆင့်စလုံးက နားလည်သဘောပေါက်ထားပြီး ဖြစ်ပါသည်။

အဆိုပါ ကိုင်တွယ်ဖြေရှင်းမှုပုံစံအသစ်သည် လက်ရှိအခြေအနေကိုများစွာ ပြောင်းလဲသွားအောင် ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း Ms. Geywitz က ပြောကြားခဲ့သည်။ အစိုးရကကူညီဆောင်ရွက်ပေးမည့်စီမံကိန်းများထဲတွင် ရုံးခန်းနှင့်ဆိုင်ခန်းနေရာများကို အိမ်ရာအဖြစ် ပြောင်းလဲပေးမည့်အစီအစဉ်အပြင် အသစ်တည်ဆောက်မှုများထက် လက်ရှိအဆောက်အအုံများအား ပြုပြင် မွမ်းမံသည့်နေရာတွင် တစ်စိတ်တစ်ဒေသ ထောက်ပံပေးမည့် အစီအစဉ်များလည်း ပါဝင်ပါသည်။

ဤရန်ပုံငွေများသည် ပြည်ထောင်စုဘတ်ဂျက်(Federal Budget)တွင်မပါဝင်ဘဲ သီးခြား ရန်ပုံငွေဖြစ်သော ရာသီဥတုနှင့် အသွင်ကူးပြောင်းရေးရန်ပုံငွေဟု အမည်ရသည့် ရန်ပုံငွေခေါင်းစဉ် အောက်မှ သုံးစွဲရမည်ဖြစ်သည်။

ဂျာမန်အိမ်ခြံမြေဈေးနှုန်းများသည် ဆိုးရွားသောကျဆင်းမှုများနှင့် ရင်ဆိုင်နေရပြီး၊ ယခုနှစ်တွင် ကျဆင်းခဲ့သော ဈေးနှုန်းများသည် မှတ်တမ်းများစတင်ထားရှိခဲ့သော ၂၀၀၀ ပြည့်နှစ်မှ ယခုအချိန် အထိကာလအတွင်း အဆိုးရွားဆုံး ကျဆင်းမှုဖြစ်ခဲ့ကြောင်း Federal Statistics Office မှ ထုတ်ပြန်သော အချက်အလက်များအရ သိရှိရပါသည်။

ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီတွင် ဆောက်လုပ်ရေးလုပ်ငန်းများ၏ ဈေးနှုန်း များသည် ယခုနှစ်၌ ၉ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သဖြင့် ဇူလိုင်လတွင် တိုက်ခန်းများ ဆောက်လုပ်ခွင့်ပါမစ်များသည် ယမန်နှစ် အလားတူလနှင့် နှိုင်းယှဉ်ပါက ၃၁.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း ကိန်းဂဏန်းအချက်အလက်များက ဖော်ပြနေပါသည်။

အစိုးရ၏ အစီရင်ခံစာတွင် အဆောက်အဦ ဆောက်လုပ်ခွင့် လျှောက်ထားမှုများ တစ်နှစ်ထက် တစ်နှစ် ကျဆင်းလာခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်၏ ပထမနှစ်ဝက်တွင် ၂၇ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။ ညွန့်ပေါင်းအစိုးရအဖွဲ့၏ သဘောတူညီချက် တွင် အစိုးရက တစ်နှစ်လျှင် တိုက်ခန်းအသစ် (၄၀၀,၀၀၀)ခန့် ဆောက်လုပ်ရန် လျာထားခဲ့သော်လည်း ယနေ့အထိ ရည်မှန်းချက်သို့ရောက်ရှိရန် အလှမ်းကွာဝေးနေသေးကြောင်း သိရှိရပါသည်။

The Germany Property Federation (ZIA) သည် ၂၅-၉-၂၀၂၃ ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက်နှင့်စပ်လျဉ်း၍ စိတ်အားထက်သန်လျက်ရှိနေပါသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ၊ အခွန်ကောက်ခံမှု ဖြတ်တောက်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အစိုးရ၏ လက်တွေ့ကျသော လုပ်ဆောင်ချက်အသစ်သည် ယခင်ဆွေးနွေးပွဲများတွင် အားထုတ်ရကျိုးနပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားထားပါသည်။ The German branch of Friends of the Earth (BUND) ကဲ့သို့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများကမူ ယင်းထုတ်ပြန် ချက်အပေါ် စိတ်လှုပ်ရှားမှု သိသာစွာ နည်းပါးခဲ့ပါသည်။

အစိုးရ၏ အဆောက်အဦအသစ်နှင့် လူနေထိုင်မှုအစီအစဉ်သည် သင့်တင့်မျှတသော အိမ်ရာနှင့် အနာဂတ် ဂေဟစနစ်အတွက် ဦးတည်ဆောင်ရွက်ခြင်းမဟုတ်ဘဲ ရုတ်တရက် ကြုံတွေ့လာနိုင် သည့် ကပ်ဘေးအတွက် ဦးတည်နေကြောင်း BUND အဖွဲ့၏ CEO ဖြစ်သူ Antje von Broock က ပြောကြားခဲ့သည်။ ညွန့်ပေါင်းအစိုးရအဖွဲ့၏ အစီအစဉ်သည် နိုင်ငံသားများအား ရာသီဥတု ကပ်ဆိုးဆီသို့ ဆက်လက် တွန်းပို့သွားမည်ဖြစ်ပြီး၊ ၎င်းတို့အသုံးပြုနေရသော အပူပေးစနစ်အတွက် ကျသင့်ငွေများမည်ကဲ့သို့ ပေးဆောင်ရမည်ကို မသိသူများပိုမိုများပြားလာလိမ့်မည်ဟု ၎င်းက ထပ်လောင်း ပြောကြားထားသည်ကို တွေ့ရှိရပါသည်။

 

 

 

Source:         https://www.dw.com/en/germany-to-scrap-plan-for-tougher-building-rules/a-66914023

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News