International News

မလေးရှားနိုင်ငံသည် အီးယူ၏ကန့်သတ်ချက်များကို ရှောင်ရှား၍ တရုတ်နိုင်ငံသို့ စားအုန်းဆီနှစ်ဆ တင်ပို့မည်

Last Updated:

မလေးရှားနိုင်ငံသည် အီးယူ၏ကန့်သတ်ချက်အသစ်များအား ရှောင်ရှားသည့်အရွေ့တစ်ခုအနေဖြင့် တရုတ်နိုင်ငံသို့ စားအုန်းဆီနှစ်ဆတင်ပို့သွားမည်ဖြစ်ပြီး နှစ်စဉ်တန်ချိန်  ၅၀၀,၀၀၀ တင်ပို့သွားမည်ဖြစ်ကြောင်း ၂၀ ကြိမ်မြောက် အာဆီယံကုန်စည်ပြပွဲတွင် ကြေညာပြောကြားခဲ့ခြင်းဖြစ်ပြီး တက်ရောက်ကြသည့် နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် များအကြား လက်မှတ်ရေးထိုးခဲ့ ကြခြင်းဖြစ်သည်။ တရုတ်နိုင်ငံမှ မလေးရှားနိုင်ငံတွင်  စွမ်းအင်သုံးစွဲမှုချွေတာသည့် စက်ရုံ တည်ဆောက်ခြင်း၊ ကုန်သိုလှောင်ရုံနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းဖွံဖြိုးတိုးတက်ရေးတို့ အတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၃ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသည် မလေးရှားနိုင်ငံမှ စားအုန်းဆီတင်သွင်းသူများတွင် ထိပ်ဆုံးမှ ပါဝင်သည့် နိုင်ငံတစ်ခုဖြစ်ပြီး မလေးရှားနိုင်ငံသည်လည်း စားအုန်းဆီထုတ်လုပ်မှုတွင် ကမ္ဘာ့အဆင့် ဒုတိယအကြီးဆုံး နိုင်ငံတစ်ခုဖြစ်သည်။ တရုတ်နိုင်ငံသည် မလေးရှားနိုင်ငံ၏ ၂၀၀၉ ခုနှစ်မှစ၍ ထိပ်တန်း ကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး မလေးရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ မလေးရှားရင်းဂစ် ၂၀၆ ဒသမ ၆ ဘီလီယံရှိပြီး ၉ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် အခြားဖွံဖြိုးပြီးနိုင်ငံများမှ ကန့်သတ်ချက်များကို များစွာရင်ဆိုင်နေရသဖြင့် ၎င်း၏ ကုန်သွယ်မှုအား အရှေ့တောင်အာရှနိုင်ငံများသို့ ပြောင်းရွှေ့ပြီး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

source: (ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)

Category: International News