International News

ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ Supply Chain ကွင်းဆက်၊ ကြီးမားသော ပရောဂျက်များ၊ စွမ်းအင်ကဏ္ဍနှင့် အဆင့်မြင့်နည်းပညာများတွင် တရုတ်နှင့် ရုရှား ပူးပေါင်းဆောင်ရွက်သွားမည်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ supply chain ကွင်းဆက်၊ ကြီးမားသော ပရောဂျက်များ၊ စွမ်းအင်ကဏ္ဍနှင့် အဆင့်မြင့် နည်းပညာနယ်ပယ်များတွင် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ရန် အသင့် ရှိပါကြောင်း ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်နေ့က မော်စကိုမြို့၌ ရုရှားဝန်ကြီးချုပ် Mikhail Mishustin နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသည့် အကြီးဆုံးအိမ်နီးချင်းနိုင်ငံများ ဖြစ်ပြီး ဘက်စုံပူးပေါင်းဆောင်ရွက်မှု၏ မဟာဗျူဟာမိတ်ဖက်များဖြစ်ပါကြောင်း၊ တရုတ်-ရုရှား ဆက်ဆံရေး၏ တည်ငြိမ်အေးချမ်းသော ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး၏ သမိုင်းဝင်ပြရုပ်နှင့် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားများနှင့် ဆက်နွယ်မှုရှိကြာင်း ပြောဆိုခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ၂၀ ကြိမ်မြောက် အမျိုးသားကွန်ဂရက် အစည်းအဝေးသည် အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီး မကြာသေးမီက တရုတ်နိုင်ငံ၏ ပြည်နယ်အဖွဲ့အစည်းများမှ ခေါင်းဆောင်သစ်များကို ယခုနှစ် အစည်းအဝေးနှစ်ကြိမ်အတွင်း ရွေးကောက်တင်မြှောက်နိုင်ခဲ့ပါ ကြောင်းနှင့် တရုတ်လူမျိုးများသည် မကြုံစဖူး စည်းလုံးကြပြီး တရုတ်ခေတ်မီတိုးတက်ရေး အတွက် ဘက်စုံမှ မြှင့်တင်ပေးနေသည်ကို တွေ့ရပါကြောင်း၊ တရုတ်အစိုးရသစ်သည် တရုတ်-ရုရှား ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို လေးနက်စွာ တန်ဖိုးထားရှိပြီး နှစ်နိုင်ငံ ရည်မှန်းချက်သစ်များ အကောင်အထည်ဖော်ရန် တွန်းအားပေး၍ တရုတ်ဝန်ကြီးချုပ်နှင့် ရုရှားဝန်ကြီးချုပ်တို့ ပုံမှန်တွေ့ဆုံမှုများမှတစ်ဆင့် သော်လည်းကောင်း အခြားအဖွဲ့အစည်းဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် သော်လည်းကောင်း  နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုရလဒ်သစ်များရရှိရန် ရုရှားဘက်မှ လက်တွဲ ဆောင်ရွက်သွားရန် ဆန္ဒရှိသည်ကို တွေ့ရပါကြောင်း ပြောကြားခဲ့ပါသည်။

ရှုပ်ထွေးသော ပြင်ပအခြေအနေများရှိသော်လည်း တရုတ်-ရုရှား ဘက်စုံလက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည် ယခင်နှစ်ကတည်းက ခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ဖြင့် ထိန်းသိမ်းထားနိုင်သည်ကို အလေးထားပါကြောင်း၊ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး ၁၃ နှစ်ဆက်တိုက် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ မဟာဗျူဟာမြောက် ကြီးမားသော ပရောဂျက်များတွင် ခိုင်မာသောတိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့ပြီး လူလူချင်းရင်းနှီးချစ်ခင်မှုနှင့် ယဉ်ကျေးမှုဖလှယ်မှု များအပြင် ဒေသတွင်းအဆင့် အပြန်အလှန်ဆက်ဆံမှုများပါ ထိန်းသိမ်းလာနိုင်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှု၏ အရေအတွက်နှင့် အရည်အသွေး မြှင့်တင်ရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့မှုများနှင့် ပံ့ပိုးကူညီမှုများ တိုးမြှင့်ရန်၊ စက်မှုကဏ္ဍနှင့် Supply Chain ကွင်းဆက်တစ်လျောက်လုံခြုံတည်ငြိမ်မှုရှိစေရေး နှစ်နိုင်ငံ ကြိုးပမ်း အားထုတ်ဆောင်ရွက်ကြရန်အတွက် တောင်းဆိုခဲ့ပြီး နှစ်နိုင်ငံစွမ်းအင် လုံခြုံရေးကို ပူးပေါင်း ကာကွယ်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုဖလှယ်မှုများ ကို တိုးချဲ့ဆောင်ရွက်ရန် နှင့်  ချိတ်ဆက်မှုအား ကြီးမားသည့်လုပ်ငန်းကဏ္ဍများတွင် အပြည့်အဝ ပါဝင်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့သည်။

တရုတ်နှင့် ရုရှားတို့သည် သိပ္ပံသုတေသနလုပ်ငန်းများနှင့် ဆန်းသစ်တီထွင်မှုတို့တွင် ပူးပေါင်း ဆောင်ရွက်မှု အားကောင်းရန် လိုအပ်ပြီး ယင်းကဲ့သို့သော နယ်ပယ်များတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေး တွန်းအားပေးဆောင်ရွက်ရန်နှင့် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များတွင် တရုတ်-ရုရှားနှစ်များ အားကစားဖလှယ်မှုများ ဆက်လက် အောင်မြင်မှုရရှိနိုင်ရေးအတွက် လုပ်ဆောင်ချက်များကို ပိုမိုကောင်းစွာစီစဉ် လုပ်ဆောင်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

ရုရှားနိုင်ငံဝန်ကြီးချုပ် Mishustin က Belt and Road Initiative နှင့် Eurasian Economic Union (EAEU) အကြား ပူးပေါင်း ဆောင်ရွက်မှုတွင် တရုတ်နိုင်ငံက အလွန်အရေးကြီးကြောင်း၊ တရုတ်နှင့် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီ ချက်ကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ရုရှားနှင့် အခြားသော EAEU အဖွဲ့ဝင်များ နှင့်အတူ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြင့်မားသောအဆင့်တွင် အကောင်အထည် ဖော် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရုရှားနိုင်ငံဝန်ကြီးချုပ် Mishustin က သမ္မတရှီ၏ ရုရှားနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်အား ရုရှားအစိုးရ၏ အရေးကြီးသော အစိုးရအဖွဲ့ဝင်အားလုံးနီးပါးကို ဦးဆောင်၍ နွေးထွေးစွားကြိုဆိုပါကြောင်း၊ ပြန်လည်အရွေးခံရပြီးနောက် သမ္မတရှီကျင့်ဖျင်၏ ပြည်ပခရီးစဉ် အဖြစ် ပထမဆုံး ရုရှားနိုင်ငံကို ရွေးချယ်ခဲ့ခြင်းမှာ အလွန်အရေးကြီးကြောင်း၊ ရုရှား-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုမှာ သမိုင်းဝင် အမြင့်မားဆုံးသို့ ရောက်ရှိနေပြီး နိုင်ငံစုံမူဝါဒကို ပိုမိုကောင်းမွန်စွာ ကာကွယ်ရန်နှင့် လက်ရှိနိုင်ငံတကာအခြေအနေတွင် ဘက်စုံကမ္ဘာကို မြှင့်တင်ရန် အထောက်အကူ ဖြစ်စေပါကြောင်း ရုရှားဝန်ကြီးချုပ်နှင့် တရုတ်ဝန်ကြီးချုပ်ကြား ပုံမှန်တွေ့ဆုံမှုသည်လည်း ထူးခြားပါကြောင်း မှတ်ချက်ပြု ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံသည် တရုတ်အစိုးရသစ်နှင့် နီးကပ်သော ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု များ ဆောင်ရွက်ရန်၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီမှုများကို စိတ်အား ထက်သန်စွာ အကောင်အထည်ဖော်ရန်နှင့် နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုကို အားကောင်းခိုင်မာစေရန် မျှော်လင့်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ သဘာဝဓာတ်ငွေ့၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှု၊ လေကြောင်းနှင့် အာကာသ၊ သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှု၊ နယ်စပ်ဖြတ်ကျော် သယ်ယူ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အစရှိသည့် နယ်ပယ်များတွင် ရုရှားနှင့် တရုတ် ပူးပေါင်း ဆောင်ရွက်မှု ကို တိုးမြှင့်သွားရန်ဆန္ဒရှိကြောင်း၊ ဆက်သွယ်ရေး၊ ထောက်ပံ့ရေးနှင့် စက်မှုလုပ်ငန်း ကွင်းဆက် များတစ်လျောက်ဘေးကင်းရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အခြားပြဿနာများတွင် ပူးပေါင်း ဆောင်ရွက်မှုကို အားကောင်းဖို့လိုပါကြောင်း၊ ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစားစသည့် နယ်ပယ်များတွင်လည်း နှစ်နိုင်ငံပြည်သူ/ ပြည်သားအချင်းချင်း ဖလှယ်မှု၍ ပူးပေါင်း ဆောင်ရွက် မှုများ ပိုမိုအားကောင်းလာနိုင်မည်ကို မျှော်လင့်ပါကြောင်း ဝန်ကြီးချုပ် Mishustin က ပြောကြားခဲ့သည်။

 

စီးပွားရေးသံမှူး၊ ကူမင်းမြီု့

Source: http://english.www.gov.cn/news

Category: International News